မဲခေါင်၊ ဇူလိုင် ၇
ဂျပန်နှင့် ဆက်စပ်သော သင်္ဘော ဆယ်စီးပါ အုပ်စုသည် ယနေ့မှာပင် ဟောမုဇ်ရေလက်ကြားမှ ထွက်ခွာသွားခဲ့ပြီး ဆော်ဒီ ရေနံစိမ်းများ တင်ဆောင်ထားသည့် စူပါရေနံတင်သင်္ဘောကြီးတစ်စီးလည်း တောင်ကိုရီးယားနိုင်ငံသို့ ဦးတည် ထွက်ခွာသွားခဲ့ကြောင်း ရေကြောင်းသင်္ဘောလုပ်ငန်း LSEG ၏ အချက်အလက်များက ပြသနေပြီး ယင်းသင်္ဘောများအားလုံးသည် အီရန် စစ်ပွဲကြောင့် ပင်လယ်ကွေ့တွင် သောင်တင်နေခဲ့ကြကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ဂျပန်နှင့်ဆက်စပ်သော သင်္ဘောများတွင် အရှေ့အလယ်ပိုင်းတစ်ဝန်းမှ ရေနံစည်ပေါင်း ၁၂ သန်း တင်ဆောင်ထားသည့် အလွန်ကြီးမားသည့် ရေနံတင်သင်္ဘော( VLCC ) ခြောက်စီး၊ ဓာတုပစ္စည်းတင်သင်္ဘော ၂ စီး၊ မော်တော်ယာဉ်တင်သင်္ဘော တစ်စီး၊ ကွန်တိန်နာတင်သင်္ဘောတစ်စီးတို့ ပါဝင်ကြောင်း အချက်အလက်များက ပြသနေသည်။
ရေနံတင်သင်္ဘောများသည် ဆော်ဒီ၊ ယူအေအီးနှင့် ကာတာနိုင်ငံတို့မှ ရေနံစိမ်းများကို ဖေဖော်ဝါရီနှောင်းပိုင်းနှင့် မတ်လဆန်းတွင် တင်ဆောင်ခဲ့ခြင်းဖြစ်သည်။
သင်္ဘောအများစုကို ဂျပန် သင်္ဘောကုမ္ပဏီ Mitsui O.S.K. Lines (MOL)က ကိုင်တွယ်နေပြီး ရေလက်ကြားကို ဖြတ်သန်းဖို့ထက် သင်္ဘောသားများ၊ ကုန်စည်များနှင့် ရေယာဉ်များ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ယင်းသင်္ဘောလိုင်းက ယခင်က ပြောကြားခဲ့သည်။
သတင်းအတွက်လည်း Mitsui OSK လိုင်းက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ထိုအတောအတွင်းမှာပင် ၎င်းတို့ရေနံချက်စက်ရုံအတွက် ရေနံစိမ်းများ တင်ဆောင်ထားသော VLCC Long Wind သင်္ဘောသည် စနေနေ့က ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ကြောင်း တောင်ကိုရီးယား S-Oil ကုမ္ပဏီက ပြောကြားသည်။
မတ်လအစောပိုင်းတွင် ဆော်ဒီရေနံစိမ်းစည်ပေါင်း ၂ သန်း တင်ဆောင်ခဲ့သော အဆိုပါ သင်္ဘောသည် တောင်ကိုရီးယားနိုင်ငံ အွန်ဆန် ဆိပ်ကမ်းသို့ ဇူလိုင် ၂၆ ရက်တွင် ရောက်ရှိနိုင်ကြောင်း LSEG အချက်အလက်များက ပြသနေသည်။
အေးကျော်
Ref:Reuters
#MeKongNews
#ဂျပန်ဆက်စပ်
#သင်္ဘောအုပ်စု
#ဟောမုဇ်ရေလက်ကြား
#ထွက်ခွာ








