မဲခေါင်၊ ဇူလိုင် ၂
ရုရှားတပ်ဖွဲ့များက ယူကရိန်းမြို့တော် ကိဗ်ကို ယမန်နေ့ညက တိုက်ခိုက်ခဲ့ရာတွင် ဒရုန်းများနှင့် ဒုံးကျည်များက လူနေအဆောက်အဦးများကို ထိမှန်ပြီး မြို့လယ်လမ်းမကြီးတစ်ခုရှိ ဟိုတယ်တစ်လုံး မီးလောင်ခဲ့ပြီးနောက် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကာ ၃ ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ညဘက်တွင် တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်းကို ယူကရိန်းသမ္မတဗိုလိုဒီမာ ဇီလန်စကီးက အစောပိုင်းတွင် သတိပေးခဲ့ကာ အိုင်ယာလန်က အီးယူအဖွဲ့၏ အလှည့်ကျဥက္ကဌတာဝန်ကို ၆ လ စတင်တာဝန်ယူချိန်၌ ဒပ်ဘလင်မြို့တော်တို့ ၎င်းသွားရောက်သည့် ခရီးစဉ်ကာလကို လျှော့ချလိုက်ကြောင်းလည်း ဇီလန်စကီးက ပြောသည်။
ရုရှားတို့၏ တိုက်ခိုက်မှုအတွင်း လူ ၈ ဦး သေဆုံးသွားခဲပြီး မြို့တော်တစ်ဝန်း နေရာပေါင်း ၃၀ ကျော်၌ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့တော်စစ်အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ တိုင်မာကာချင်ကိုက ပြောကြားပြီး အသေးစိတ်ကိုတော့ မပြောပေ။
တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကိဗ်မြို့တော်ဝန် ဗီတာလီကလစ်ချ်ကိုက တယ်လီဂရမ်ပေါ်တွင် သီးခြားပြောကြားခဲ့ကာ တိုက်ရိုက်ထိမှန်သောကြောင့် လူနေအဆောက်အဦးတစ်ခု ပထမထပ်မှ ဆဌမထပ်အထိ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဆက်ပြောသည်။
မနက်မိုးလင်းချိန်တွင် ၉ ထပ်မြင့်သော အဆောက်အဦး၏ အပျက်အစီးများအတွင်း အရေးပေါ်ဌာနမှ ဝန်ထမ်းများ အလုပ်လုပ်နေကြသည်ကို ဗီဒီယိုများတွင် မြင်တွေ့ရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
ဒဏ်ရာရရှိသူများတွင် အရေးပေါ်ဌာနတစ်ခုမှ ဆေးဘက်ပညာသည်များနှင့် ယာဉ်မောင်းများ ပါဝင်ကြောင်းနှင့် အချို့လူများမှာ ပြိုကျသွားသော လူနေအဆောက်အဦးများအောက်တွင် ပိတ်မိနေကြဆဲ ဖြစ်ကြောင်း မြို့တော်ဝန်ကလစ်ချ်ကိုက အစောပိုင်းပို့စ်တစ်ခုတွင် ပြောကြားသည်။
မြို့လယ်ချက်ဖ်ချင်ကိုလမ်းမကြီးပေါ်ရှိ အဆောက်အအုံတစ်ခု၏ အပေါ်ပိုင်းတွင် အထိန်းအကွပ်မဲ့စွာ မီးများ လောင်ကျွမ်းနေသည်ကို အွန်လိုင်းမှ ရုပ်ပုံများတွင် မြင်တွေ့ရပြီး မြို့၏အခြားနေရာများ၌ ပြတင်းပေါက်များ ပွင့်ထွက်ပြီး ကားများ ပျက်စီးနေသည်ကို မြင်ရသည်။
မြို့တော်တွင် ပေါက်ကွဲမှုအများအပြား ဖြစ်ပေါ်ခဲ့ကြောင်း ရိုက်တာသတင်းဌာန မျက်မြင်သက်သေတစ်ဦးက ပြောသည်။
ဇွန်လလယ်နောက်ပိုင်း ယူကရိန်းအပေါ် ရုရှား၏ အဆိုးရွားဆုံး တိုက်ခိုက်မှုတွင် ယမန်နေ့က ယူကရိန်းနိုင်ငံ၏ ဒေသအများအပြားတွင် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်များ ဆူညံနေခဲ့ကာ လူအများအပြားကလည်း ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များ ပစ္စည်းပစ္စယများ၊ ယာယီတဲများကိုယူ၍ ခိုလှုံရာနေရာများ မြေအောက်ဘူတာရုံများသို့ သွားနေသည်ကို မြင်တွေ့ရသည်။
အေးကျော်
Ref:Reuters
#MeKongNews
#ရုရှား
#လေကြောင်းတိုက်ခိုက်မှု
#ကိဗ်မြို့
#သေဆုံး








