မဲခေါင်၊ ဇွန် ၂၆
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တီကျစ် ကျောက်မီးသွေးစက်ရုံမှ စွန့်ပစ်မြေစာများကို ဒေသခံတောင်သူများ၏ ခြံနှင့် လယ်ယာမြေများအတွင်း လာရောက်ပုံချနေသဖြင့် ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယခင်က စက်ရုံဘက်မှ မြေစာပုံရန် လိုအပ်သည့် မြေနေရာများကို ရွာသားများထံမှ ညှိနှိုင်းဝယ်ယူပြီးမှ ဆောင်ရွက်ခဲ့သော်လည်း လက်ရှိတွင် မြေပိုင်ရှင်များကို ကြိုတင်အသိပေးခြင်း သို့မဟုတ် ညှိနှိုင်းခြင်းမရှိဘဲ တောင်သူများ၏ ခြံနှင့် လယ်ယာမြေများအတွင်းသို့ မြေစာများ လာရောက် ပုံချနေကြောင်း သိရသည်။
“အရင်က ဒီလိုလာပုံရင် ရွာသားရဲ့ခြံကို ဝယ်ပြီးမှ လာပုံတာ။ အခုကျတော့ မမေးမမြန်းဘဲ လာပုံနေတယ်။ ဒေသခံတွေအတွက် အခက်အခဲတွေ ဖြစ်လာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် မြေစာပုံပြီးသွားသည့် နေရာများတွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခက်အခဲရှိနေပြီး လယ်ယာမြေများကို ဆုံးရှုံးသွားသကဲ့သို့ ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
“လာပုံပြီးရင်လည်း စိုက်ပျိုးရေး လုပ်မရတော့ဘူး။ အလကားသိမ်းသွားသလို ဖြစ်နေတယ်။ ရွာသားတွေကလည်း မပြောရဲကြဘူး၊ ဘယ်နေရာကိုမှလည်း မတိုင်ရဲကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
နှစ်စဉ် စွန်ပစ်ထားသည့် မြေစာပုံများသည်လည် ယခုဆိုလျှင် တောင်ကုန်းတခုစာခန့် ရှိပြီး ယခင်ကတည်းက ရှိနေသည့် သာယာကုန်း၊ လုဲင်းခါးနှင့် တောင်ပို့လ ရွာများသည် မြေစာပုံကုန်း၏ အခြေကို ရောက်သွားရသဖြင့် မိုးရာသီတွင် ပြိုကျလာမည်ကို စိုးရိမ်နေကြရကြောင်းလည်း ပြောသည်။
ဒေသခံများအနေဖြင့် မြေစာပုံများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့် လယ်ယာမြေ ထိခိုက်ဆုံးရှုံးမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများ၊ အထူးသဖြင့် PNO အဖွဲ့အစည်းအနေဖြင့် ကွင်းဆင်းစစ်ဆေးကာ အရေးယူဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း တောင်းဆိုနေကြသည်။
#MeKongNews
#တီကျစ်
#ကျောက်မီးသွေးစက်ရုံ
#စွန့်ပစ်မြေစာများ
#ဒေသခံများ








