မဲခေါင်၊ ဇွန် ၁၂
သင်္ဘောသား ၃ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှု အပါအဝင် အိန္ဒိယသင်္ဘောသားများ လုပ်ကိုင်နေသော ရေနံတင်သင်္ဘောများအပေါ် အမေရိကန်၏ တိုက်ခိုက်မှု ၃ ကြိမ် ယခုသီတင်းပတ်အတွင်း ဖြစ်ပေါ် ခဲ့ပြီးနောက် ရေကြောင်းသွားလာသော သင်္ဘောများအပေါ် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် အိန္ဒိယက အမေရိကန်ကို တိုက်တွန်းပြောကြားလိုက်သည်။
သင်္ဘော ၈ စီးကို ခရီးမဆက်နိုင်အောင် လုပ်ခဲ့ပြီး ၁၀၀ ကျော်ကို လမ်းကြောင်းပြောင်းခိုင်းခဲ့သည့် ဧပြီ ၁၃ ရက်တွင် စတင်ခဲ့သော အီရန်အပေါ် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုတွင် အိန္ဒိယသင်္ဘောသားများ သေဆုံးမှုသည် ပထမဆုံး လူသေဆုံးမှု သတင်းဖြစ်သည်။
“အဲဒီလို တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး အဆုံးသတ်ရပါမယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရန်ဒါးဂျိုင်စဝယ်လ်က ပြောကြားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်ရရန် ဆွေးနွေးမှုနှင့် သံတမန်ရေးကို တောင်းဆိုကြောင်းလည်း ပြောခွင့်ရသူက ဆက်ပြောသည်။
ယမန်နေ့က လူသေဆုံးသော တိုက်ခိုက်မှု အပါအဝင် ယခုသီတင်းပတ်အတွင်းမှာပင် အိန္ဒိယသင်္ဘောသားများ တာဝန်ထမ်းဆောင်နေသည့် သင်္ဘော ၃ စီးကို အမေရိကန်ရေတပ်က တိုက်ခိုက်ခဲ့ကြောင်း ဂျိုင်စဝယ်လ်က ပြောသည်။
အိုမန်နိုင်ငံကမ်းလွန်တွင် Settebello ရေနံတင်သင်္ဘော တိုက်ခိုက်ခံရပြီး အိန္ဒိယသင်္ဘောသား ၃ ဦး သေဆုံးခဲ့ခြင်းကြောင့် နယူးဒေလီမြို့မှ အမေရိကန်သံရုံး တာဝန်ခံကိုလည်း အိန္ဒိယနိုင်ငံခြားရေးက ဆင့်ခေါ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
Settebello ရေနံတင်သင်္ဘောသည် အမေရိကန်ရေတပ်၏ ညွှန်ကြားချက်များကို လိုက်နာရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပြီးနောက် အမေရိကန်လေယာဉ်တစ်စီးက သင်္ဘော၏ အင်ဂျင်ခန်းကို ပစ်မှတ်ထား၍ တိကျသောတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် – Central Command က ပြောကြားသည်။
အီရန်၏ ရေနံများကို သယ်ယူပို့ဆောင်ရန် ကြိုးစားခြင်းဖြင့် Settebello ရေနံတင်သင်္ဘောက တားဆီးပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့ကြောင်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်က ပြောကြားသော်လည်း ၎င်းသင်္ဘောသည် အီရန် သို့မဟုတ် အီရန်ရေနံနှင့် မည်သို့မျှ ပတ်သက်ဆက်စပ်မှု မရှိကြောင်း သင်္ဘောကို စီမံခန့်ခွဲနေသော IOS Marine FZE က အိန္ဒိယသင်္ဘောသားများသမဂ္ဂ၏ X လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားသည်။
အေးကျော်
Ref:Reuters
#MeKongNews
#သင်္ဘောသား
#အမေရိကန်
#တိုက်ခိုက်မှုများ
#အိန္ဒိယ








