မဲခေါင်၊ ဇွန် ၁
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာ ပေါက်ကွဲမှုတွင် ကလေး ၆ ဦးအပါအဝင် သေဆုံးသူ ၄၆ ဦးရှိပြီဖြစ်ပြီး ထိခိုက်သေဆုံးမှုများ ထပ်တိုးလာနိုင်သည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။
နမ့်ခမ်းမြို့ကပ်လျက်တွင် တည်ရှိသည့် ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်း၌ အသုံးပြုရန် သိုလှောင်ထားသည့် TNLA စီးပွားရေးဌာနပိုင် ယမ်းပျော့များ ယမန်နေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ ထိခိုက် သေဆုံးမှု အများအပြား ရှိနေခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ ယင်းပေါက်ကွဲမှုကြောင့် ပြည်သူ ၄၆ သေဆုံးခဲ့ပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၄ ဦးကိုလည်း နမ့်ခမ်းဆေးရုံသို့ တင်ပို့ကာ ဆေးကုပေးလျက်ရှိသည်။
“သေဆုံးသွားတဲ့ ၄၆ ဦးထဲမှာ ကလေးက ၆ ဦးပါတယ်။ ကျန်တာက ကျား၊မ ခွဲခြားလို့မရဘူး။ ဒီအရေအတွက်က မီးသင်္ဂြိုဟ်ပေးပြီးတဲ့ အရေအတွက်ပေါ့။ ထပ်ပြီးတော့လည်း ထိခိုက်သေဆုံးတာတွေ တိုးလာဖို့ ရှိပါတယ်။ ဒဏ်ရာရတဲ့အထဲမှာလည်း စိုးရိမ်ရတဲ့လူနာတွေ ပါတယ်။ ဒီနေ့လည်း ကူညီ ကယ်ဆယ်ရေးကို ဆက်ပြီးတော့ လုပ်သွားမယ်။ ရှာမတွေ့တာလည်း ရှိသေးတယ်”ကူညီကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းအလွန်ပြင်းထန်သည့် ယမ်းပျော့များ ပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာတစ်ခုလုံးနီးပါး ပျက်စီးသွားပြီဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟုလည်း မြေပြင်တွင် ကူညီရေးလုပ်ငန်း ဆောင်ရွက်နေသူများကပြောသည်။
“ရပ်ကွက်တစ်ခုလုံး ပျက်သွားတယ်။ ပြန်လည်ထူထောင်ဖို့ဆို အစစအရာရာ အများကြီး အကူအညီတွေ အရမ်းလိုအပ်နေတယ်။ ရုပ်ပိုင်း စိတ်ပိုင်း ပြန်လည် ထူထောင်ဖို့ တော်တော်လုပ်ရမယ်”ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ယမ်းပျော့များသည် PSLF/TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ပစ္စည်းများ ဖြစ်သည်ဟု TNLA ကလည်း ထုတ်ပြန်ထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းများအား အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု TNLA က ထုတ်ပြန်ထားသည်။
ထို့ပြင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသော မိဘပြည်သူများအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေသည်ဟုလည်း TNLA က ဆိုသည်။
#MeKongNews
#နမ့်ခမ်း
#ပေါက်ကွဲမှု
#သေဆုံးသူ
#ထိခိုက်သေဆုံးမှု
#ထပ်တိုး








