မဲခေါင်၊ မေ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်တွင် သက်ငယ်မုဒိန်းကျူးလွန်သူ တရားခံတစ်ဦးသည် ဆေးရုံ၌ ဆေးစစ်ချက်ယူနေစဉ်အတွင်း လက်ထိပ်တန်းလန်းဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၉ ရက်က သက်ငယ်မုဒိန်းသံသယရှိသူ မောင်တူး ဆိုသူကို ရွာငံဆေးရုံသို့ ဆေးစစ်ချက်ယူရန် ခေါ်ဆောင်လာစဉ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မေလ ၇ ရက်နေ့က ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာရှိ လက်ဖက်ခြံအတွင်းသို့ သွားရောက်သည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တစ်ရွာတည်းနေ သစ်လုပ်ငန်းလုပ်ကိုင်သူ အသက် ၄၀ အရွယ် မောင်တူးက ရိုက်နှက်၍ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။
“ရဲ ၃ ယောက်က လက်ထိပ်ခတ်ပြီး ခေါ်လာတာကို ဆေးရုံမှာတင် ထွက်ပြေးသွားတာ။ အခုထိ ပြန်မမိသေးဘူးလို့ ကြားတယ်။ ပေါ့လျော့တဲ့ တာဝန်ရှိရဲတွေကိုတော့ အရေးယူထားပြီလို့ သိရတယ်” ဟု ရွာငံဒေသခံတစ်ဦးက ပြောသည်။
တရားခံ မောင်တူးမှာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ၎င်းကို ရွာငံမြို့မရဲစခန်းတွင် (ပ) အမှတ် ၆၇/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃/၃၇၆ (နာကျင်စေမှု/မုဒိန်းမှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
#MeKongNews
#ရွာငံ
#ဓနုဒေသ
#သက်ငယ်မုဒိန်း
#ထွက်ပြေး








