မဲခေါင်၊ ဧပြီ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ နောင်မွန်ပြည်သူ့စစ်နှင့် PNO အဖွဲ့ဝင်အချို့သည် ဒေသခံပြည်သူများအား လမ်းခရီးတွင် စစ်ဆေးစဉ် မူးယစ်ဆေးဝါးများကို တိတ်တဆိတ် ထည့်သွင်းကာ စွပ်စွဲဖမ်းဆီးပြီး ငွေညှစ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဟိုတွူးရွာအရှေ့ဘက်နှင့် နောင်မွန်လမ်းမကြီးပေါ်တွင် သွားလာနေသည့် ကားနှင့် ဆိုင်ကယ်များကို စစ်ဆေးရာတွင် PNO အဖွဲ့ဝင်အချို့က စိတ်ကြွဆေးပြားများကို ယာဉ်အတွင်းသို့ တိတ်တဆိတ် ထည့်သွင်းကာ မူးယစ်ဆေးဝါး သယ်ဆောင်သည်ဟု အကွက်ဆင် စွပ်စွဲဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
“သူတို့ရဲ့ ထောင်ချောက်ထဲကို မိသွားတဲ့ ပြည်သူတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်တယ်ဆိုပြီး ပိုက်ဆံနဲ့ ချက်ချင်း ညှိနှိုင်းခိုင်းတယ်။ ဘာမှဖြေရှင်းချက်လည်း မပေးဘူး၊ ဖမ်းမိရင်လည်း သူတို့ဂိတ်နားမှာပဲ ကြိုးနဲ့တုပ်ထားပြီး မိသားစုနဲ့ ငွေနဲ့ ပြန်လာရွေးခိုင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ လမ်းပေါ်တွင် နောင်မွန်ပြည်သူ့စစ်နှင့် PNO တို့ ပူးပေါင်းကာ စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် သင်္ကြန်ကာလအတွင်း ပြည်သူများသည် ဘုန်းကြီးကျောင်းများသို့ မတက်ရဲကြတော့ကြောင်း သိရသည်။
“သူတို့ရှိတဲ့လမ်းဆို ဘယ်သူမှ မသွားရဲတော့ဘူး။ ဘာမှမလုပ်ပဲနဲ့လည်း အပြစ်တင်ခံရနိုင်တယ်ဆိုတော့ အရမ်းကြောက်စရာကောင်းတယ်။ အခု သင်္ကြန်ကာလမှာ ဈေးသွားတာ၊ ဘုန်းကြီးကျောင်းသွားတာ၊ အမျိုးတွေကို လိုက်ကတော့တာတောင် သူတို့ကို ကြောက်ပြီး မသွားရဲကြတဲ့သူ အရမ်းများနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းအဖွဲ့ ၂ ဖွဲ့သည် ပြည်သူကို ကာကွယ်ရမည့် အဖွဲ့အနေဖြင့် ပြည်သူများကိုပင် ပြန်လည် ဒုက္ခပေးနေကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် တာဝန်ရှိသည့် PNO အဖွဲ့၏ ခေါင်းဆောင်များအနေဖြင့် ယင်းကိစ္စများကို သိရှိထားခြင်း ရှိမရှိနှင့် အောက်ခြေအဆင့်တွင် ယင်းကဲ့သို့ ပြုလုပ်နေသူများအား မည်သို့ အရေးယူဆောင်ရွက်သွားမည်ကို တိတိကျကျ သိရှိလိုကြောင်း ပြည်သူများက တောင်းဆိုနေကြသည်။
#MeKongNews
#နောင်မွန်ပြည်သူ့စစ်
#PNO
#ပူးပေါင်းဂိတ်
#မူးယစ်ဆေး
#ဖမ်းဆီးငွေညှစ်








