မဲခေါင်၊ ဧပြီ ၂၀
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံအတွင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုး၏ လူယုံအရာရှိများ ပါဝင်ပတ်သက်သည့် လိုင်စင်မဲ့ကားများ မှောင်ခိုသယ်ယူ ပို့ဆောင်မှုများ ရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။
ယင်းလုပ်ငန်းများတွင် ဗိုလ်မှူးချုပ် သန့်ထင်စိုး၏ လူယုံဖြစ်သည့် တပ်ထောက် ဗိုလ်ကြီး စိုးထက်အောင် ကိုယ်တိုင် ပါဝင်သယ်ယူ ပို့ဆောင်နေပြီး ၎င်းတစ်ဦးတည်းသာမက တပ်တွင်းရှိ ဗိုလ်ကြီးအဆင့် အရာရှိအများစု ပါဝင်နေကြပြီး အချို့အရာရှိများမှာ လိုင်စင်မဲ့ကား လုပ်ငန်းများမှ အကျိုးအမြတ် ရရှိနေကြကြောင်းလည်း သတင်းရင်းမြစ်များထံမှ သိရသည်။
တပ်စည်းကမ်းအရ အရာရှိများကို ကိုယ်တိုင် ကားမောင်းခွင့် မရှိသော်လည်း လက်တွေ့တွင် လိုင်စင်မဲ့ကားများ သယ်ယူပို့ဆောင်မှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။
ထို့ပြင် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုး အနေဖြင့် တပ်တွင်း လိုင်စင်မဲ့ကား စီးနင်းမှုများ တွေ့ရှိပါက ဖမ်းဆီးရန် ညွှန်ကြားထားသော်လည်း အရာရှိများ ပါဝင်နေမှုကြောင့် အောက်ခြေတပ်ဖွဲ့ဝင်များက မဖမ်းဆီးရဲကြကြောင်း သတင်းထွက်ပေါ်နေသည်။
ထို့ပြင် ဗိုလ်မှူးချုပ် သန့်ထင်စိုး အနေဖြင့် တပ်တွင်းအရာရှိများ လိုင်စင်မဲ့ကားများ သယ်ယူပို့ဆောင်နေမှုကို သိရှိထားသော်လည်း မျက်ကွယ်ပြုထားကြောင်းလည်း သိရသည်။
လက်ရှိတွင် ကျောင်းအုပ်ကြီး သင်တန်းတက်ရောက်နေသည့် ကာလအတွင်း လိုင်စင်မဲ့ကား သယ်ယူမှုများ ပိုမိုပြုလုပ်လာကြကြောင်းလည်း သိရသည်။
လိုင်စင်မဲ့ကားများကို မြဝတီ၊ နမ့်စန်နှင့် ပင်လုံဘက်များမှ သွင်းယူနေကြောင်း သိရပြီး နမ့်စန် – ပင်လုံဘက်မှ သယ်ယူပါက တစ်စီးလျှင် ကျပ် ၄ သိန်းမှ ၈ သိန်းခန့် ပေးရကြောင်းနှင့် မြဝတီဘက်မှ သယ်ယူပါက တစ်စီးလျှင် သိန်း ၆၀ သိန်းခန့် ပေးရကြောင်းလည်း သိရသည်။
ထို့ပြင် ဟိုပုံးမြို့တွင် ပြည်သူများ ဓာတ်ဆီ ဝယ်ယူရန် အခက်အခဲများ ရှိနေချိန်တွင် တပ်တွင်း အရာရှိများက လိုင်စင်မဲ့ကားများ သယ်ယူပို့ဆောင်ရန် ဆီဆိုင်များ ပိတ်ထားသော်လည်း ဖွင့်ခိုင်း၍ ပုံးများဖြင့် အများအပြား ဝယ်ယူနေကြကြောင်းလည်း သိရသည်။
စစ်မှုထမ်းများနှင့် အောက်ခြေစစ်သားများက အသက်စွန့် တာဝန်ထမ်းဆောင်နေချိန်တွင် တပ်တွင်း အရာရှိအချို့နှင့် ၎င်းတို့၏ မိသားစုဝင်များမှာ လိုင်စင်မဲ့ကား လုပ်ငန်းများမှ အကျိုးအမြတ် ရရှိနေကြခြင်းကြောင့် တပ်တွင်း အဆင့်များအကြား မကျေနပ်မှုများ ရှိနေကြောင်းလည်း တပ်အသိုင်းဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
မဲခေါင်သတင်းဌာန၏ ယခင် သတင်းဖော်ပြချက်များအရလည်း ဗိုလ်မှူးချုပ် သန့်ထင်စိုး ဦးဆောင်ကာ ဟိုပုံး – မိုင်းပွန်လမ်း တပ်ရှေ့တွင် ကုန်ကားများအား စစ်ဆေးရန် သီးသန့်ဂိတ်များ ဖွင့်လှစ်ခဲ့ပြီး ကုန်ကားများထံမှ ငွေကောက်ခံမှုများ ပြုလုပ်ခဲ့သည့် သတင်းကြောင့် နေပြည်တော်မှ စစ်တပ်အရာရှိများက အဂတိမှုဖြင့် လာရောက် စစ်ဆေးချိန်တွင် ဗိုလ်မှူးချုပ် သန့်ထင်စိုးက ၎င်းလုပ်သည်ကို ဝန်မခံဘဲ တပည့်ရင်းဖြစ်သူ ဗိုလ်မှုး အေးမင်းထွန်းကို ထိုးကျွေးခဲ့သည်ဟုသည့် သတင်းများလည်း ယခင်က ထွက်ပေါ်ခဲ့ဖူးသည်။
#MeKongNews
#ဟိုပုံး
#လိုင်စင်မဲ့ကား
#မှောင်ခို
#ဗိုလ်မှူးသန့်ထင်စိုး
#ကွန်ပျူတာသိပ္ပံ
ပုံ – လိုင်စင်မဲ့ကားတင်သွင်းခြင်း အဓိက ဦးဆောင်လုပ်ကိုင်သူ တပ်ထောက် ဗိုလ်ကြီး စိုးထက်အောင်








