မဲခေါင်၊ ဧပြီ ၈
“ဝ”တပ်ဖွဲ့ – UWSA ဌာနချုပ် ပန်ဆန်းမြို့အနီး ယောင်ဘန်းကျေးရွာတွင်ရှိသည့် ယမ်းချက်စက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားကာ လူ ၁၀၀ ကျော်သေဆုံးသည်ဟု သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ ၇ ရက် ညနေ ၃ နာရီတွင် ယင်းယမ်းချက်စက်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ကြီးမားသဖြင့် အလုပ်သမား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး အချို့မှာ အပိုင်းပိုင်းပြတ်ထွက် သေဆုံးသွားကြသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။
ထို့ပြင် ယင်းယမ်းချက်စက်ရုံကို ဦးဆောင်လုပ်နေသည့် တရုတ်နိုင်ငံသားကိုလည်း “ဝ”တပ်ဖွဲ့က အခင်းဖြစ်ပွားပြီးနောက် ဖမ်းဆီး ထိန်းသိမ်းသွားသည်ဟုလည်း သတင်းရင်းမြစ်တစ်ဦးက.ပြောသည်။
“မနေ့ ၃ နာရီလောက်မှာ ပေါက်ကွဲမှု ကြီးကြီးမားမားဖြစ်သွားတယ်၊ ပန်ဆန်းအနီးက ယောင်ဘန်းရွာမှာဖြစ်တာ။ သူက စက်ရုံအကြီးလိုမျိုးတော့ မဟုတ်ဘူး၊ ရွာထဲမှာ တစ်ပိုင်တနိုင်စက်ရုံပဲ တရုတ်တွေက ဦးဆောင်ပြီးလုပ်နေတာ ။ ယမ်းတွေအမျိုးက နဂိုကတည်းက အန္တရာယ်ရှိတဲ့အမျိုးပါဆိုမှ ပေါက်ကွဲတဲ့နေရာက ဆီဆိုင်အနီးမှာဆိုတော့ ပေါက်ကွဲမှုက ပိုပြင်းသွားတာ။ လူသေတာ စာရင်းအတိအကျ မရနိုင်သေးဘူး၊ တချို့က ခြေလက်တွေ ပြတ်ထွက်ကုန်တာ ခန့်မှန်းတာက သေတာ ၁၀၀ ကျော် ထိခိုက်တာနဲ့ပေါင်းရင် ၁၆၀ ကျော်လောက်ရှိတယ်။ အဲလောက်ထိ အခြေအနေဆိုးတာ” ဟု သတင်းရင်းမြစ်ကပြောသည်။
ယင်းယမ်းချက်စက်ရုံ ပေါက်ကွဲမှုသည် ဆီဆိုင်အနီးတွင်ရှိသဖြင့် ပေါက်ကွဲမှုများ ကူးစက်ကုန်ကာ ထိခိုက်မှု ပိုများသွားခြင်းဖြစ်ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။
“ယမ်းချက်ရုံက အဖွဲ့အစည်းပိုင်တော့ မဟုတ်ဘူးလို့သိရတယ်ပေါ့နော်၊ အဖွဲ့ခွင့်ပြုချက်နဲ့ လုပ်တာလို့တော့ သိရတယ်။ ဒါပေမယ့် ယမ်းဆိုတာမျိုးက ဘယ်လိုပဲ လုပ်လုပ် အန္တရာယ်ကအနည်းနဲ့အများ ရှိတာပဲ။ အခုပေါက်ကွဲမှုမှာလည်း ဦးဆောင်တဲ့တရုတ်ကို “ဝ”တပ်က လာဖမ်းသွားတယ်”ဟု ၎င်းကပြောသည်။
ယင်းယမ်းချက်စက်ရုံသည် တရုတ်နိုင်ငံသားများ ဦးဆောင် လုပ်ကိုင်နေခြင်းဖြစ်ပြီး လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ယမ်းမဟုတ်ဘဲ သတ္တုမိုင်းခွဲရာတွင် အသုံးပြုသည့် ယမ်းများကို ထုတ်လုပ်နေခြင်း ဖြစ်သည်ဟုလည်း သတင်းရင်းမြစ်ထံမှ သိရသည်။
ယောင်ဘန်းရွာတွင်ရှိသည့် ယမ်းချက်စက်ရုံပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိနိုင်ရန် “ဝ”တပ်ဖွဲ့၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကို ဆက်သွယ် မေးမြန်းထားဆဲဖြစ်ကာ လက်ရှိသတင်းဖော်ပြချိန်အထိ ပြန်လည် ဖြေဆိုခြင်း မရှိသေးပေ။
#MeKongNew
#UWSA
#ပန်ဆန်းမြို့
#ရုံခမ်းရွာ
#ယမ်းချက်စက်ရုံ
#ပေါက်ကွဲ
#သေဆုံး








