မဲခေါင်၊ ဧပြီ ၇
ယနေ့တွင် နေပြည်တော်၌ ပြုလုပ်နေသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးဌာနများ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြု ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်းတင်ပြရမည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှတ်တော်သို့ မလာရောက်ဘဲ ပြင်ဦးလွင်၌ ပြုလုပ်သည့် ၎င်း၏သား အောင်ပြည့်စုံ၏ သုမင်္ဂလာ စျေးဝယ်စင်တာသို့သာ သွားရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များအပေါ် လွှတ်တော်၌ပြန်လည် ရှင်းလင်းတင်ပြရမည့် သမ္မတအဖြစ် ရွေးချယ်ခံထားရသူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူကိုယ်တိုင် လာရောက်ရမည့်အစား ရှင်းလင်းတင်ပြစာကိုသာ ပေးပို့ခဲ့သည်။
၎င်းပေးပို့သည့်စာကို ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးက ဖတ်ကြားခဲ့သည်။
“နိုင်ငံရဲ့ အဓိက နိုင်ငံရေးကဏ္ဍကို အလေးထားစရာ မလိုဘူးလို့ ပြတဲ့ သမ္မတတဲ့”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဝေဖန်သည်။
အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၃၁ ခု ဖွဲ့စည်းကာ ဝန်ကြီးဦးရေ ၃၀ ဦး ထားရှိရန် ယမန်နေ့က လွှတ်တော်သို့ စစ်ခေါင်းဆောင်က အဆိုပြု တင်ပြထားသည်။
#MeKongNews
#စစ်ခေါင်းဆောင်
#လွှတ်တော်
#ပြင်ဦးလွင်
#စျေးဝယ်စင်တာ
#ဖွင့်ပွဲ
#သမ္မတရာထူး








