မဲခေါင်၊ ဧပြီ ၄
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်များတွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းများ၏ ခရီးသည်တင် ကားခများသည် စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ လိုက်ပါမြင့်တက်နေကြောင်း ခရီးသွားများထံမှ သိရသည်။
ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်း ပေါက်ဈေးအရ တာချီလိတ်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ထိုင်းဘတ်ငွေ ၅၈ ဘတ်၊ ဒီဇယ်တစ်လီတာလျှင် ၆၈ ဘတ် ရှိနေပြီး ပြင်ပမှောင်ခိုဈေးကွက်တွင်မူ တစ်လီတာလျှင် ဘတ် ၁၂၀ အထိ ရှိနေသည်။
ထို့အတူ တာချီလိတ်မှ ကျိုင်းတုံသို့ ပြေးဆွဲနေသည့် ယာဉ်စီးခများမှာ လူတစ်ဦးလျှင် ဘတ် ၃၅၀ အထိ ရှိလာရာ စက်သုံးဆီ အကျပ်အတည်း စတင်ဖြစ်ပွားသည့် တစ်လကျော်ကာလအတွင်း ဘတ် ၂၀၀ ခန့် ဈေးမြင့်တက်လာခြင်း ဖြစ်သည်။
“ဆီဈေးက တစ်ရက်ကို ၂ ဘတ်၊ ၃ ဘတ်လောက် တက်နေတာ။ ကားလည်း ထွက်နိုင်အောင်၊ ခရီးသည်တွေလည်း စီးနိုင်အောင် တစ်ရက်တစ်ခေါက်တော့ ထွက်ပေးနေရတယ်။ ဆီတင်မကဘူး အခြားကားအပိုပစ္စည်းတွေလည်း ဈေးလိုက်တက်နေတာ။ ဆီဈေးပြန်ကျရင်တော့ ကားခလည်း ပြန်ချပေးမှာပါ” ဟု တာချီလိတ်-ကျိုင်းတုံ ပြေးဆွဲနေသည့် ယာဉ်လိုင်းတာဝန်ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
အခြား ရှမ်းအရှေ့မြို့များဖြစ်သည့် မိုင်းဆတ်နှင့် မိုင်းတုံမြို့များတွင် ဓာတ်ဆီတစ်လီတာလျှင် မြန်မာငွေ ၉,၀၀၀ ကျပ်အထိ ရှိနေသည်။
တောင်ကြီး-မိုင်းဆတ် ယာဉ်ငယ်ကားခမှာ ရှေ့ခန်း ၂ သိန်းခွဲ၊ နောက်ခန်း ၂ သိန်းအထိ ရှိလာပြီး၊ ယခင်လက ရှေ့ခန်း ၁ သိန်းနှင့် နောက်ခန်း ၈၀,၀၀၀ ကျပ်သာ ရှိရာမှ တစ်ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။
ထို့ပြင် ပုံပါကျင်နှင့် နားကောင်းမူးဘက်မှ တာချီလိတ်သို့ ယာဉ်စီးခမှာ ယခင်က ဘတ် ၈၀၀ မှ ၁,၀၀၀ ခန့်သာ ရှိသော်လည်း ယခုအခါ ဘတ် ၁,၂၀၀ အထိ ဈေးတက်လာကြောင်း သိရသည်။ ကျိုင်းတုံမြို့တွင်လည်း ဆီတစ်လီတာလျှင် ယခင် ၃,၂၀၀ ကျပ်မှ ယခုအခါ ၁၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်များသည် ထိုင်းနိုင်ငံဘက်မှ တင်သွင်းသည့် စက်သုံးဆီများကိုသာ အဓိကအားထား သုံးစွဲနေရခြင်းဖြစ်ကြောင်း သိရသည်။
#MeKongNews
#ရှမ်းအရှေ့
#ခရီးသည်တင်ယာဉ်
#ယာဉ်စီးခ
#စက်သုံးဆီ








