မဲခေါင်၊ မတ် ၂၈
စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင် ကျားဖြူပါတီ ခေါ် SNDP မှ ဥက္ကဌနှင့် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များအကြား ပြည်နယ်ဝန်ကြီး နေရာများအတွက် သဘောထားကွဲလွဲပြီး အသီးသီးက ဝန်ကြီးလောင်း အမည်စာရင်းများကို ရှမ်းပြည်လွှတ်တော်သို့ အပြိုင်အဆိုင် ပေးပို့ တင်သွင်းထားကြောင်း ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် နီးစပ်သူ ပါတီတွင်း သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ၎င်းစိတ်ကြိုက်သဘောထားအတိုင်း ၂ဦးအမည်စာရင်းကို ပေးပို့သည့်သတင်း ထွက်လာပြီးနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးကလည်း ၎င်းတို့အတွင်းမှ မဲစနစ်ဖြင့် ရွေးချယ်ရရှိသူ ၃ ဦး၏ မတ် ၂၆ ရက်က ပြုလုပ်သည့် ရှမ်းလွှတ်တော်အစည်းအဝေးတွင် အမည်စာရင်းကို ရှမ်းလွှတ်တော်ဥက္ကဌထံ တင်သွင်းခဲ့သည်ဟု ပါတီအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။
“ဥက္ကဌက တရားဝင် ပါတီကို ချမပြဘဲ သူတစ်ဦးတည်းသဘောနဲ့ ရွေးပို့တယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေက သူ့စာရင်းကို မကန့်ကွက်သလို အတည်လည်း မပြုဘူး၊ အခု ကိုယ်စားလှယ် အားလုံးလိုလိုက လူထုကိုယ်စားပြု သဘောတူညီချက်နဲ့ မဲပေးရွေးချယ်ပြီး တရားဝင် လွှတ်တော်လမ်းကြောင်းအတိုင်း တင်ပြထားတယ်”ဟု ၎င်းက ဆိုသည်။
ယင်းမဲပေးရွေးချယ်မှုကို ပြီးခဲ့သည့် မတ် ၁၉ ရက်က တောင်ကြီးမြို့ရှိ ကျားဖြူပါတီရုံးတွင် ပြုလုပ်ရာ ရှမ်းပြည်လွှတ်တော်ကိုယ်စား လှယ် ၂၀ ဦးအနက် ဆန္ဒမပြုသူတစ်ဦးမှအပ ကျန်၁၉ ဦးက မဲပေးခဲ့ကြကြောင်း ၎င်းက ပြောသည်။
မဲခွဲရွေးချယ်ခံရသူ ၃ ဦးမှာ ကျောက်မဲမှ စိုင်းခမ်းကျော်၊ သိန္နီမှ စိုင်းဝင်းမြင့်နှင့် လဲချားမှ နန်းခမ်းလူတို့ဖြစ်ကြောင်း သိရသည်။
ပါတီဥက္ကဌက အမည်စာရင်းပေးပို့သူ ၂ ဦးမှာမူ လင်းခေးမှ ဦးမင်းထွန်းအောင်နှင့် တာချီလိတ်မှ ဦးထွန်းပေါ်သိန်းတို့ ဖြစ်ကြပြီး စစ်ကောင်စီ ဖွဲ့စည်းမည့် ရှမ်းအစိုးရ ဝန်ကြီးနေရာများအား့ အစိုးရဖွဲ့နိုင်သည့် ကြံ့ခိုင်ရေးပါတီက ရွေးချယ် ခန့်အပ်ပေးရမည်ဖြစ်ကြောင်း သိရသည်။
“ဥက္ကဌတစ်ဦးတည်းသဘောနဲ့ အများသဘော ထိပ်တိုက်တွေ့နေတာ၊ ဒီမိုကရေစီနည်းအရဆိုရင် အများဆန္ဒကို ရယူတိုင်ပင်ပြီး လုပ်ရမှာပေါ့။ ပြည်ခိုင်ဖြိုး ဘာလုပ်မလည်း၊ ဗဟိုဦးစီးစနစ်လား၊ အများဆန္ဒ လမ်းကြောင်းလား စောင့်ကြည့်ရမယ်။ ပွဲကတော့လှနေပြီ”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။
SNDP ပါတီသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး ရွေးကောက်ခံထားရသည့်ပါတီ ဖြစ်သည်။
#MeKongNews
#ရှမ်းပြည်
#ဝန်ကြီးနေရာ
#ကျားဖြူပါတီ
#ဥက္ကဌ
#လွှတ်တော်ကိုယ်စားလှယ်








