မဲခေါင်၊ မတ် ၂၄
လေယာဉ်ဆီ ပြတ်လပ်မှုကြောင့် အချိန်ပိုင်း နှောင့်နှေးမှုများ ဖြစ်ပွားနေခဲ့သည့် ပြည်တွင်းလေကြောင်းခရီးစဉ်များကို မနက်ဖြန် မတ် ၂၅ ရက်မှ စတင်၍ အပြည့်အဝ ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ပြည်တွင်း လေကြောင်းလိုင်းများ ဖြစ်သော မြန်မာအမျိုးသားလေကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ မင်္ဂလာလေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင်လေကြောင်းလိုင်းတို့တွင် မကြာသေးမီက လေယာဉ်ဆီအခက်အခဲများကြောင့် ခရီးစဉ်များ ပြတ်တောက်ခြင်းနှင့် နောက်ကျမှုများ ဖြစ်ပေါ်ခဲ့သည်။
ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန် လေကြောင်းလိုင်းများအတွက် လိုအပ်သော လေယာဉ်ဆီများ ဝယ်ယူရရှိရေးကို စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မနက်ဖြန်မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များကို ယခင်အတိုင်း ပုံမှန် ပြန်လည် ပြေးဆွဲနိုင်မည်ဟု ဆိုသည်။
အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသည့် ခရီးစဉ်များတွင် ပူတာအို၊ မြစ်ကြီးနား၊ ကျိုင်းတုံ၊ တာချီလိတ်၊ ကော့သောင်း၊ ကျောက်ဖြူ၊ စစ်တွေ၊ ကလေး၊ ဟုမ္မလင်းနှင့် ခန္တီးမြို့များကို ပထမ ဦးစားပေးအဖြစ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြောထားသည်။
#MeKongNews
#ပြည်တွင်း
#လေယာဉ်ခရီးစဉ်
#အပြည့်အဝ
#ပျံသန်း








