မဲခေါင်၊ မဲခေါင် ၂၄
စစ်ပွဲအဆုံးသတ်ရေးအတွက် အလွန်ရလဒ်ကောင်းသော ဆွေးနွေးမှုများကို အီရန်နှင့် ပြုလုပ်ခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြားပြီး နာရီပိုင်းအတွင်းမှာပင် အီရန်က အမေရိကန်နှင့် ဆွေးနွေးခဲ့သည်ဆိုခြင်းကို အီရန် အရာရှိကြီးများက ငြင်းဆိုကြသည်။
အမေရ်ိကန်နှင့် ညှိနှိုင်းမှုများ မရှိခဲ့ကြောင်း အီရန်ပါလီမန်ဥက္ကဌ မိုဟမ်မက် ဘာဂါ ဂါလီဘက်ဖ်ကပြောကြားပြီး ” ဘဏ္ဍာရေးနဲ့ ရေနံစျေးကွက်ကို ချယ်လှယ်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ ပိတ်မိနေတဲ့ အရှုပ်တော်ပုံကနေ ရုန်းထွက်ဖို့အတွက် သတင်းအတုကို အသုံးချခဲ့ပါတယ်” ဟု ဂါလီဘက်ဖ်က ဆက်ပြောသည်။
အမေရိကန်နှင့် မည်သည့်ဆွေးနွေးမှုမှ မရှိခဲ့ကြောငိးကို အီရန်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ်ဘာဂါအီ ကလည်းအစောပိုင်းတွင် ပြောကြောင်း အီရန်အစိုးရ IRNA သတင်းက ဖော်ပြသည်။
သို့သော် စစ်ပွဲအဆုံးသတ်ရန် ညှိနှိုင်းရေး အမေရိကန်တို့၏ တောင်းဆိုမှုကို မိတ်ဆွေနိုင်ငံများထံမှ သတင်းစကားများ လက်ခံရရှိခဲ့သည်ဟု ပြောခွင့်ရသူက ဖွင့်ဟခဲ့သည်။
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏စစ်ပွဲ သီတင်း ၄ ပတ်ထဲ ဝင်လာပြီး အီရန်က ကမ္ဘာ့ရေနံ ၅ ပုံ တစ်ပုံ ဖြတ်သန်းနေသည့် ဟောမုဇ်ရေလက် ကြားအား လည်မျိုညှစ်ထား၍ တစ်ကမ္ဘာလုံးတွင် လောင်စာဆီအကျပ်အတည်း ဆိုက်နေကြချိန်၌ ထရမ့် နှင့် အီရန်တို့၏ ပြောဆိုမှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဟောမုဇ်ရေလက်ကြားအား ၄၈ နာရီအတွင်း ပြန်မဖွင့်ပေးပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးဌာနများကို အမှုန့်ကြိတ်ပစ်မည်ဟု ဒေါ်နယ်ထရမ့်က စနေနေ့က ကြုံးဝါးခဲ့သည်။
.
သို့ရာတွင် ၄၈ နာရီ သတ်မှတ်ချက်ပြည့်ရန် နာရီပိုင်းအလိုတွင် အီရန်နှင့် ဆွေးနွေးမှုများတွင် ရလဒ်ကောင်းများနှင့် တိုးတက်မှု ရရှိနေသည်ဟု ထရမ့်က ဆိုပြီး စွမ်းအင်နှင့် ဓာတ်အားပေးရုံများ တိုက်ခိုက်မှုကို ၅ ရက် ကြာ နောက်ဆုတ်ထားလိုက်သည်ဟု လူမှုမီဒီယာပေါ်မှ ပြောကြားသည်။
သီးခြားအနေဖြင့် အမေရိကန်က အီရန်မှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးနှင့် ဆက်သွယ် ပြောဆိုနေသည်ဟု ထရမ့်ကပြောသလို အီရန်က သဘောတူညီချက်တစ်ရပ် အလွန်အမင်း လိုချင်နေသည်ဟုလည်း ပြောသည်။
ထရမ့်က အီရန် ပါလီမန်ဥက္ကဌ ဂါလီဘက်ဖ်ကို ညွှန်းဆိုနေခြင်း ဖြစ်နိုင်ကြောင်း မီဒီယာအချို့က ဖောပြကြသော်လည်း ဂါလီဘက်ဖ် က ယင်းသတင်းများကို ငြင်းဆိုခဲ့သည်။
အေးကျော်
Ref: Al Jazeer
#အမေရိကန်
#ဆွေးနွေး
#အီရန်
#ငြင်းဆို








