မဲခေါင်၊ မတ် ၂၃
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရသည့် အမျိုးသမီးငယ် ၃ ဦးကို မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းများက ကယ်ထုတ်နိုင်ခဲ့ကြောင်း မူဆယ် သတင်းရင်းမြစ်များထံမှ သိရသည်။
အလုပ်ရှာဖွေနေသည့် အမျိုးသမီးငယ် ၃ ဦးကို အလုပ်ရှိသည်ဟု ဆိုကာ ပွဲစားက ခေါ်ဆောင်လာပြီးနောက် ပြည့်တန်ဆာ လုပ်ခိုင်းခံရမှုကို လူမှုကူညီရေးအဖွဲ့များက ယနေ့နံနက်တွင် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
နေပြည်တော်မှ အမျိုးသမီးငယ်၃ ဦးကို အလုပ်ရှာပေးသည့် ပွဲစားဖြစ်သူက လားရှိုးတွင် အလုပ်လုပ်ရမည်ဟု ခေါ်သဖြင့် လိုက်သွားရာမှ ၎င်းတို့သည် လားရှိုးမဟုတ်ဘဲ မူဆယ်သို့ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မူဆယ်သို့ရောက်ရှိပြီးနောက် သာမန်အနှိပ်ခန်းတွင် အလုပ်လုပ်ရမည်ဟု ပြောသော်လည်း လက်တွေ့တွင် ပြည့်တန်ဆာ လုပ်ခိုင်းသဖြင့် အမျိုးသမီးငယ် ၃ ဦးက လက်မခံကြောင်းပြောကာ လူမှုကူညီရေးအသင်းများထံသို့ အကူအညီ တောင်းလာခဲ့သည်။
ယင်းသို့ အကူအညီတောင်းလာသဖြင့် မူဆယ်မြို့ ရှိ မြင့်မြတ်ပါရမီအသင်းနှင့် လက်ဖက်ညွန့် လူမှုကူညီရေးအသင်းက ငွေ ၁၇ သိန်းကျပ်ပေးကာ ယနေ့နံနက် ၁ နာရီတွင် သွားရောက်ရွေးယူ ကယ်တင်ခဲ့ခြင်း ဖြစ်သည်။
“ကလေးမတွေကလည်း တယောက်တစ်နေရာကနေ နေပြည်တော်မှာ လာစုံကြတာပေါ့၊ အဲ့ဒါ လားရှိုးမှာ အလုပ်လုပ်ရမယ်ဆိုပြီး ပွဲစားကခေါ်တာ လားရှိုးမဟုတ်ဘဲ မူဆယ်ရောက်သွားတယ်။ ရိုးရိုးအနှိပ်ခန်းမှာ လုပ်ရမယ်လို့ပြောပြီး တကယ်ကျတော့ ပြည့်တန်ဆာ လုပ်ခိုင်းတော့ ကလေးမတွေက သဘောမတူလို့ အကူအညီ တောင်းလာတာ။ အဲဒါ မြင့်မြတ်ပါရီမီအသင်းနဲ့ လက်ဖက်ညွန့်အသင်းက စုပေါင်းပြီး ငွေ၁၇ သိန်းကျပ်ပေးပြီး ပြန်ကယ်လာတာ”ဟု လက်ဖက်ညွန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။
ထိုအမျိုးသမီး ၃ ဦးကို သွားရောက် ကယ်တင်ရာတွင်လည်း အမျိုးသမီးများကို ခေါ်ဆောင်လာရာတွင် ကုန်ကျသည့် စရိတ်ဟုဆိုကာ အလုပ်ရှင်ဆိုသူကို ၁၇ သိန်းကျပ် ပေးပြီးမှသာ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကယ်တင်ထားသည့် အမျိုးသမီး ၃ ဦးကို မြင့်မြတ်ပါရမီအသင်းရုံးတွင် ခေတ္တနားခိုနိုင်ရန် ပို့ဆောင်ပေးထားကြောင်း သတင်းရင်းမြစ်က ပြောသည်။
ထို့ကြောင့် အလုပ်ရှာဖွေသူ အမျိုးသမီးငယ်များ အနေဖြင့် ပွဲစားများကို အလွယ်တကူ ယုံကြည်ခြင်း မပြုဘဲ အွန်လိုင်းမှတစ်ဆင့် လိမ်ညာပြီး လူကုန်ကူးမှု အန္တရာယ်များကို သတိထားကြရန် လူမှုကူညီရေးအသင်းများက တိုက်တွန်းထားသည်။
#MeKongNews
#ပြည့်တန်ဆာ
#လူကုန်ကူး
#အမျိုးသမီး
#လူမှုကူညီရေးအသင်း
#ကယ်တင်








