မဲခေါင်၊ မတ်လ ၂၂
တပ်တွင်းမှ ထွက်ပြေးလာသည့်စစ်မှုထမ်းသစ် ၃ ဦးကို လွိုင်ကော်မြို့ မင်းစုရပ်ကွက်အတွင်း ယမန်နေ့ မတ် ၂၁ ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယင်းလူငယ် ၃ ဦးသည် နံနက် ၄ နာရီခွဲခန့်တွင် မင်းစုရပ်ကွက်ရှိ အိမ်တစ်အိမ်၏ နောက်ဘက်တွင် ပုန်းအောင်းနေသည်ကို တွေ့ရှိပြီး နေအိမ်အနီးရှိသူများက သတင်းပို့ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထို့နောက် စစ်ကောင်စီတပ်မှ အင်အား ၆၀ ခန့်ဖြင့် လာရောက် ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ရပ်ကွက်အတွင်း သေနတ်ပစ်ခတ်သံများလည်း အများအပြားကြားခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။
“စစ်သားတွေ အများကြီး ဝိုင်းလာပြီးနောက် ခဏအတွင်းပဲ ပစ်ခတ်သံတွေ ထွက်လာတယ်။ သေနတ်သံတွေက တိုက်ပွဲဖြစ်နေသလိုပဲ ကြားရတယ်။ ၁၀ မိနစ်လောက် ကြားရပြီး တိတ်သွားတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ထို့နောက် ပစ်ခတ်ခံရသော လူငယ် ၃ ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်က ကားများဖြင့် သယ်ဆောင်သွားခဲ့ကြောင်းလည်း ဒေသခံများကပြောသည်။
ယင်းဖြစ်စဉ်သည် စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် လူငယ်များအား ဖမ်းဆီးခေါ်ယူမှုများ တိုးမြင့်လာသည့် အခြေအနေများအကြား ဖြစ်ပေါ်လာခြင်းဖြစ်သည်။
လက်ရှိတွင် စစ်မှုထမ်းအပတ်စဉ်များလည်း ဆက်တိုက် ခေါ်ယူနေပြီး အပတ်စဉ် ၂၃ အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
#MeKongNews
#လွိုင်ကော်
#စစ်မှုထမ်းသစ်
#စစ်ကောင်စီတပ်
#ဖမ်းဆီး
#သတ်ဖြတ်








