မဲခေါင်၊ မတ် ၂၁
ကရင်နီပြည်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏ ရန်နိုင်မင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ငယ် ၆ လက် နှင့် ခဲယမ်းများ သိမ်းပိုက်ရရှိသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
မတ် ၁၇ရက်တွင် ထားလဲ – နန်းဖဲလမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ ၇ ဦးအနည်းဆုံး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံချေမှုန်းခဲ့ရာ စစ်ကောင်စီတပ်မှ ဖရိုဖရဲ ဆုတ်ခွာသွားခဲ့ပြီး လက်နက် ၅ လက်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု KNDF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၇ ရက်တွင်လည်း နန်းဖဲကျေးရွာ အနီးတွင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့ပြီး လက်နက်ငယ်တစ်လက်ကို တော်လှန်ရေးတပ်ဖွဲ့များဘက်မှ သိမ်းဆည်းရမိခဲ့သည်။
စစ်ကောင်စီတပ်သည် ရှမ်းပြည်တောင်ပိုင်းမှ စတင်သော ရန်နိုင်မင်းစစ်ဆင်ရေးဖြင့် ဖရူဆို – ဘောလခဲ – ဖားဆောင်းသို့ စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ရှိ မြို့များအား ထိန်းချုပ်နိုင်ပြီဟု တစ်ဖက်သတ် ကြွေးကြော်နေသော်လည်း ၎င်းတို့၏ မြေပြင်စစ်ကြောင်းများ ချေမှုန်းခံရခြင်း၊ ယာဉ်တန်းများ တိုက်ခိုက် ဖျက်ဆီးခံရခြင်းတို့ဖြင့် ကြုံတွေ့နေရပြီး ထိခိုက်သေဆုံးမှု များပြားလျှက်ရှိသည်ဟု KNDF က ဆိုသည်။
ထို့သို့ မြေပြင်တိုက်ပွဲတွင် ထိခိုက်ကျဆုံးမှု များပြားနေသည့် စစ်ကောင်စီသည် အရှက်မဲ့စွာ လေကြောင်းဖြင့် အရပ်သားပြည်သူများ၏ နေရာများအား ပစ်မှတ်ထား တိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် လေကြောင်းရန် အထူးသတိပြုကြရန် KNDF က တိုက်တွန်းထားသည်။
#MeKongNews
#ရန်နိုင်မင်းစစ်ကြောင်း
#ကရင်နီ
#တော်လှန်ရေးတပ်ဖွဲ့
#ကြားဖြတ်တိုက်ခိုက်








