မဲခေါင်၊ မတ် ၁၇
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖြစ်ပွားခဲ့သည့် MNDAA နှင့် TNLA ကြား စစ်ရေးပဋိပက္ခအတွင်း ကွတ်ခိုင်မှ ပရိဟိတသမားတစ်ဦး ဒရုန်းထိမှန် သေဆုံးခဲ့ကြောင်း လူမှုကူညီသူများထံမှ သိရသည်။
၎င်းသည် ပြီးခဲ့သည့် မတ် ၁၅ ရက်က ကွတ်ခိုင်မြို့နယ်၊ လွယ်ဆိုင်ရွာတွင်ပိတ်မိနေသည့် စစ်ရှောင်များကို ကူညီနေစဥ် ဒရုန်းထိမှန် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။
ဒရုန်းထိမှန် သေဆုံးရသူမှာ ဂေသရှေမနအသင်းတော်မှ မိုင်းထွန်းလှ ဆိုသူဖြစ်ကြောင်း သိရသည်။
“မိုင်းထွန်းလှ ဒဏ်ရာရတယ်၊ ဒရုန်းပျံလာတာ ထွက်ကြည့်လို့ ဒဏ်ရာရတယ် ကြားပေမဲ့ မကယ်နိုင်ခဲ့ဘူး။ စစ်ရှောင်တွေကို ဦးစားပေးနေရတယ်။ သွားကယ်တော့ အသက်မရှိတော့ဘူးတဲ့” ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။
အခြားသတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ မိုင်းထွန်းလှမှာ ဒရုန်းလာချိန်တွင် ဘန်ကာအတွင်းဝင်ချိန်မရလိုက်သည့်အတွက် ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
မတ် ၁၅ ရက်က တိုက်ပွဲကြား လွယ်ဆိုင်ရွာတွင် ပိတ်မိနေသည့် စစ်ရှောင်များကို ဒေသ အသင်းတော်များ ဖြစ်သည့် ကောင်းသောရှမာရိ၊ ရှဝမ်ကဆာ၊ ဂေသရှေမန်၊ ပီတိမြေတို့ကကားကြီး၊ ကားငယ်များနှင့် ကယ်ဆယ် ရွှေ့ပြောင်းရေးလုပ်ခဲ့ကြပြီး Net အဖွဲ့က စေတနာ့ဝန်ထမ်းများလည်း ကူညီခဲ့ကြကြောင်း သိရသည်။
#MeKongNews
#MNDAA
#TNLA
#စစ်ရေးပဋိပက္ခ
#ကွတ်ခိုင်
#ပရဟိတသမား
#ဒရုန်းထိမှန်








