မဲခေါင်၊ မတ် ၁၇
ဆွေမျိုးအိမ်သို့ သွားရောက်လည်ပတ်ပြီး ပြန်လာသည့် ရွာငံ ဒေသခံ ၅ ဦးအား ကျောက်ငှက်နှင့် အုတ်တွင်းကျေးရွာကြား လမ်းပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်းကာ အချို့ကိုမူ စစ်မှုထမ်းထဲထည့်သွင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ် ၈ ရက် တွင် ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာ ဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ကျပ် သိန်း ၅၀ ပေး၍ ပြန်လည် ရွေးယူခဲ့ကြောင်း သိရသည်။
သို့သော် လူ ၅ ဦးအနက် ၂ ဦးသာ စစ်ကောင်စီတပ်က လွှတ်ပေးခဲ့ပြီး ကျန် ၃ ဦးကို စစ်မှုထမ်းရန် ရှေ့တန်းသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက ပြောသည်။
“ရွာဘက်လမ်းတွေမှာ စစ်သားတွေ ကင်းလှည့်နေတာ များလာတယ်။ အဲဒီနေ့မှာလည်း အပြန်လမ်းမှာ တွေ့တာနဲ့ ဖမ်းသွားတာပါ။ မိသားစုတွေက ငွေစုပြီး သွားရွေးခဲ့ပေမယ့် အားလုံးကို မလွှတ်ဘူး။ ခုမလွတ်လာတဲ့သူတွေ စစ်မှုထမ်းနေရတယ်။ မိသားစုတွေတော့ စိတ်ပူ စိုးရိမ်နေကြရတယ်။ ဘယ်လိုညှိညှိ ညှိလို့မရတော့ဘူး” ဟု ရွာငံဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းဖမ်းဆီးခံရသူများသည် အသက် ၃၀ ဝန်းကျင်ရှိ နေ့စားလုပ်သားများဖြစ်ပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်ကြောင်း သိရသည်။
“ငွေတောင်းတာနဲ့ မပြီးဘူး၊ လူကိုပါ စစ်ထဲထည့်သွားတာကြောင့် မိသားစုတွေ အရမ်းအခက်အခဲ ဖြစ်နေကြတယ်။ ရွာလမ်းပေါ်တောင် လွတ်လပ်စွာ သွားလာလို့မရတော့ဘူး။ ခုရက်ပိုင်းအတွင်းဆို ရွာသားတွေလည်း ခြံတောင် မသွားရဲကြတော့ဘူး” ဟု ဒေသခံကက ဆက်ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တပ်စွဲနေပြီး ညဘက် ကင်းလှည့်စောင့်ကြည့်မှုများ တိုးမြှင့် လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် ဒေသခံများကို စစ်ကောင်စီတပ်သားများအတွက် ထမင်းထုပ်များ ပို့ဆောင်ပေးရန် ခိုင်းစေမှုများလည်း ရှိနေကြောင်း ပြောသည်။
ဖေဖော်ဝါရီ ၁၈ ရက် ကျောက်ငှက် – အုတ်တွင်းကျေးရွာ လမ်းပိုင်းတွင် ကင်းလှည့်နေသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦး အပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
#MeKongNews
#ရွာငံ
#ဒေသခံ
#စစ်ကောင်စီတပ်
#ဖမ်းဆီး
#စစ်မှုထမ်း








