မဲခေါင်၊ မတ် ၁၆
အမေရိကန်၊ အစ္စရေးတို့ကို တိုက်ခိုက်ရန် ရှာဟက်ဒရုန်းများအား ရုရှားက အီရန်ကို ထောက်ပံ့ပေးနေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက မတ်လ ၁၄ ရက်နေ့က ထုတ်လွှင့်ခဲ့သည့် CNN ရုပ်သံ အင်တာဗျူးတစ်ခုတွင် ပြောကြားသည်။
အမေရိကန် စစ်စခန်းများအား တိုက်ခိုက်ရန် အီရန်က ရုရှားနိုင်ငံလုပ် ရှာဟက်ဒရုန်းများကို အသုံးပြုနေသည်ဆိုခြင်းမှာ ရာနှုန်းပြည့် အချက်အလက်ဖြစ်ကြောင်း ဇီလန်စကီးက အစီအစဉ်တင်ဆက်သူ ဖာရိဒ်ဇာကာရီယာအား ပြောကြားသည်။
ဒေသတွင်းမှ အခြားနိုင်ငံများအပေါ် တိုက်ခိုက်မှုများတွင် အီရန်က ရှာဟက်ဒရုန်းများ အသုံးပြုခဲ့သည် ဆိုသော်လည်း အသေခံဒရုန်းများအား မည်သည့်နိုင်ငံမှ ထုတ်လုပ်သည်ဆိုခြင်းမှာ အမြဲတမ်း ရှင်းရှင်းလင်းလင်း မရှိပေ။
ဈေးကြီးသော ဒုံးကျည်များနေရာတွင် အစားထိုး အသုံးပြုနိုင်ရန် အီရန်က ၎င်းဒုံးကျည်များကို ၂၀၀၀ ပြည့်လွန်နှစ်များက အစပြု သုံးစွဲခဲ့ကြောင်း သိရသည်။
ရှာဟက် ဒရုန်းများ အမြောက်အမြား အသုံးပြုခြင်းကို ယူကရိန်းအား ရုရှားကျူးကျော်သည့် စစ်ပွဲတွင် မြင်တွေ့ခဲ့ရပြီး ၂၀၂၂ ခုနှစ် ဆောင်းရာသီကတည်းက ရုရှားတပ်ဖွဲ့များသည် ယင်းအမျိုးအစား ဒရုန်းများ ထောင်နှင့်ချီ၍ ပစ်လွှတ်ခဲ့သည်။
၎င်းဒရုန်းများကို ကနဦးတွင် အီရန်က ရုရှားကို ထောက်ပံ့ပေးခဲ့သော်လည်း ယခုအခါ ရုရှားက ကိုယ်တိုင် ထုတ်လုပ်နေပြီဖြစ်သည်။
အမေရိကန်စစ်ဘက်အပါအဝင် အခြားနိုင်ငံ အများအပြားကလည်း ရှာဟက်ပုံစံ ဒရုန်းများ တုပ ထုတ်လုပ်ထားပြီး အီရန့််စစ်ပွဲတွင် ယင်းဒရုန်းများကိုလည်း အသုံးပြုနေကြောင်း အမေရိကန်စစ်တပ်က ပြောကြားသည်။
အေးကျော်
Ref: Reuters
#MeKongNews
# ရှာဟက်ဒရုန်း
#အီရန်
#ရုရှား
#ထောက်ပံ့








