မဲခေါင်၊ မတ် ၁၁
ကမ္ဘာ့ရေနံများ အဓိက သယ်ယူပို့ဆောင်ရာ အီရန်ပိုင် ဟောမုဇ်ရေလက်ကြားတွင် ဝင်လာသမျှသော သင်္ဘောများအား မီးလောင်တိုက်သွင်းမည်ဟု အီရန်ဘက်မှ ကြုံးဝါးကာ ရေမြုပ်မိုင်းများခင်းနေ သည်ကို အမေရိကန်ဘက်က မိုင်းခင်းသည့် သင်္ဘောငယ် ၁၀ စီးကျော်အား ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း အမေရိကန်စစ်ရေးဗဟိုကွပ်ကဲမှုဌာနက မတ် ၁၀ ရက်နေ့တွင် ဗီဒီယိုမှတ်တမ်းနှင့်တကွ ထုတ်ပြန်သွားခဲ့သည်။
ယင်းရုပ်သံမြင်ကွင်းတွင် အီရန်သင်္ဘောသည် ဒုံးကျည်ထိမှန်ကာ တစ်စစီ ပေါက်ကွဲမီးလောင် သွားသည်ကို မြင်တွေ့ရပြီး စစ်ရေးဗဟိုကွပ်ကဲမှုဌာနက နိုင်ငံတကာ ရေကြောင်းလမ်းအပေါ် အစဉ် အဆက် ခြောက်လှန်နေသည့် အီရန်၏ တိုက်ခိုက်နိုင်စွမ်းအားနည်းသွားရန် တိုက်ခိုက်ရခြင်းဖြစ် သည်ဟု ပူးတွဲထုတ်ပြန်ခဲ့သည်။
CBS News တွင် အီရန် သင်္ဘောငယ်များသည် တစ်စီးလျှင် ရေမြုပ်မိုင်း ၂ လုံး၊ ၃ လုံးသယ်ဆောင်ကာ မိုင်းခင်းနိုင်ကြောင်းနှင့် အီရန်သည် ကမ္ဘာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ၅ ပုံ ၁ ပုံ ဖြတ်သန်းရသည့် ဟောမုဇ် ရေလက်ကြားတွင် သင်္ဘောငယ်များစွာဖြင့် ရေမြုပ်မိုင်းများ ခင်းနေသည်ဟု ဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် အီရန်မိုင်းခင်းသည့် သင်္ဘောငယ် ၁၀ စီးကို တိုက်ခိုက်ဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။
ဟောမုဇ်ရေလက်ကြားတွင် ရေနံနှင့်သဘာ၀ဓာတ်ငွေ့တင်ဆောင် သင်္ဘော အစီး ၈၀ နှုန်းဖြင့် ဖြတ်သန်းနေရာ အီရန်သည် ကမ္ဘာ့ရေနံစျေးကွက်ပျက်စေရန် မိုင်းခင်းရေး လုပ်ဆောင်နေခြင်းဖြစ်သည်။
အီရန်တွင် ၎င်းတို့ကိုယ်တိုင်ထုတ်လုပ်သည့် ရေမြုပ်မိုင်းအပြင် တရုတ်နှင့်ရုရှားထုတ် ရေမြုပ် မိုင်းပေါင်း ၂၀၀၀ မှ ၆၀၀၀ အထိ ပိုင်ဆိုင်ထားကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟောမုဇ်ရေလက်ကြားတွင် ရေမြုပ်မိုင်းခင်းပါက အီရန် အနေဖြင့် အလွန်ပြင်းထန်ဆိုးရွားသော အကျိုးဆက်ကို ခံစားရစေမည်ဖြစ်သောကြောင့် ခင်းပြီးသားမိုင်းများရှိလျှင်လည်း ချက်ချင်း ရှင်းလင်းရန် သတိပေးစကားဆိုခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းက အီရန်အား အဆ ၂၀ ပိုပြင်းထန်သော တိုက်ခိုက်မှုများလုပ်သွားရမည်ဟုလည်း ပြောဆိုခဲ့သေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဟောမုဇ်ရေလက်ကြား
#အီရန်
#အမေရိကန်
#သင်္ဘော
#ရေမြုပ်မိုင်း








