မဲခေါင် ၊ မတ် ၁၀
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာမြို့တွင် ဖယောင်းတိုင်မှတဆင့် နေအိမ်မီးလောင်ရာမှ မြေးအဖွား ၂ ဦး သေဆုံးသွားသည်ဟု မြိုခံများထံမှ သိရသည်။
နမ့်ဖက်ကာမြို့ ရပ်ကွက် ၆ ရှိ နေအိမ်တခုတွင် မတ်လ ၈ ရက်ည ၉ နာရီအချိန်၌ နေအိမ်နံရံပေါ် ထွန်းထားသည့် ဖယောင်းတိုင်မှတဆင့် ဓာတ်ဆီးပုံးကို မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုအတွင်း အိမ်တွင်အိပ်ပျော်နေသည့် မြေးအဖွား ၂ ဦးသည်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မြေးအဖွား ၂ နှစ်ယောက်တည်း နေတဲ့အိမ်ပေါ့နော်။ နံရံပေါ်ထွန်းထားတဲ့ဖယောင်းတိုင်က ဝယ်ထားတဲ့ ဓာတ်ဆီဗုံးပေါ်လဲကျလို့ အိမ်ကိုမီးလောင်သွားတာ မီးလောင်တဲ့အချိန် အိမ်ထဲအိပ်ပျော်နေတဲ့ မြေးအဖွား ၂ ဦးလည်း မီးထဲပါသွားတာ ၂ ယောက်စလုံး မီးထဲမှာပဲ သေသွားတယ်။ ဓာတ်ဆီ ဒီဇယ်ဗူးတွေနားမှာ မီးမထွန်းဖို့ သတိပြုစေချင်တယ်” ဟု နမ့်ဖက်ကာဒေသခံတဦးက ပြောသည်။
ယင်းမီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ အသက် (၆၀)နှစ်အရွယ် ဒေါ်အမ်ခေါင်နှင့် မြေးဖြစ်သူ အသက် (၁၀)နှစ်အရွယ် မအေမိုးကီ တို့သည် မီးလောင်ဒဏ်ရာဖြင့် အသက်ဆုံးရှုံးသွားခဲ့ရသည်။
ထို့မီးလောင်သွားသည့်နေအိမ်သည် နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်နှင့် အိမ်အတွင်းရှိပစ္စည်းများအားလုံး မီးလောင်ပျက်စီးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိကာလတွင် ခြောက်သွေ့ရာသီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အထူးသတိပြုရန် လိုအပ်ပြီး မီးလောင်မှုဖြစ်ပွားပါကလည်း မီးသတ်တပ်ဖွဲ့အား ချက်ချင်းသတင်းပို့ရန် လိုအပ်သည်။
#MeKongNews
#နမ့်ဖက်ကာ
#မီးလောင်
#ဓာတ်ဆီပုံး
#ဖယောင်းတိုင်မီး








