မဲခေါင်၊ မတ် ၈
ပြီးခဲ့သည့်တစ်ပတ်က အမေရိကန်နှင့် အစ္စရေးတပ်များ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင် ခါမေနီနှင့် စစ်ဘက်အကြီးအကဲ ၅၀ နီးပါး သေဆုံးမှုတွင် အံ့အားသင့်ဖွယ် လွတ်မြောက်သွားခဲ့သည့် အီရန်ထိပ်တန်း Quds တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ် အစ္စမေးကာနီကို သစ္စာဖောက်သူဟု သတ်မှတ်ကာ လက်ကျန် အီရန်စစ်ခေါင်းဆောင်များက ကွပ်မျက်လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ပြိုလဲနေသည့် လက်ကျန် အီရန်အစိုးရခေါင်းဆောင်များသည် တိုက်ပွဲစဖြစ်ကတည်းက ပျောက်နေခဲ့သော တော်လှန်ရေးအစောင့်တပ် Quds အဖွဲ့ခေါင်းဆောင် အစ္စမေးကာနီသည် သစ္စာဖောက်အဖြစ် ဖော်ထုတ်နိုင်ခဲ့သဖြင့် သေဒဏ်ပေးကာ ကွပ်မျက်လိုက်ခြင်းဖြစ်သည်ဟု အတည်မပြုနိုင်သော သတင်းများက ဖော်ပြနေကြသည်။
အစ္စမေးကာနီကို ယခင်တည်းက သစ္စာဖောက်သူအဖြစ် မကြာခဏ ထင်မြင်ခံရသော်လည်း ၎င်းသည် အပြစ်ကင်းကြောင်း အကြိမ်များစွာ လျှောက်လဲနိုင်ခဲ့ကာ လွတ်မြောက်ခဲ့သူ ဖြစ်သောကြောင့် အသက် ၉ ချောင်းပါသည့်သူဟု ခေါ်ဆိုလေ့ရှိကြသည်။
ပြီးခဲ့သည့် သီတင်းပတ် စနေနေ့က ခါမေနီနှင့် အီရန် စစ်ခေါင်းဆောင်များ ခါမေနီနန်းတော်တွင် အစည်းအဝေးလုပ်နေစဉ် အမေရိကန်နှင့် အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ခါမေနီအပါ အယောက် ၅၀ နီးပါး သေဆုံးခဲ့မှု၌ ၆၈ နှစ်အရွယ် မုတ်ဆိတ်ရှည်နှင့် ဗိုလ်ချုပ် အစ္စမေးကာနီပါ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာရှန်ဆေဖီဒိုင်းနှင့်အတူ သေဆုံးခဲ့သည်ဟု ကနဦးသတင်းများ ထွက်ပေါ်ခဲ့သည်။
သို့သော် ၂၀၂၀ ဇန်နဝါရီလက အမေရိကန်၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့သည့် စစ်ခေါင်းဆောင် ကာဆမ်ဆိုလိုင်မာနီနေရာ ဆက်ခံခွင့်ရခဲ့သူ ကာနီသည် ယင်းအစည်းအဝေးမလုပ်မီ မိနစ်ပိုင်းအလိုကတည်းက ခါမေနီနန်းတော်မှ ထွက်ခွာသွားပြီး သေဆုံးဟန်ဆောင်ကာ သတင်းလွှင့်ထားသည်ဟု အာရပ်အွန်လိုင်းမီဒီယာများက ဖော်ပြနေခဲ့ကြသည်။
ကာနီကို ယခုရက်ပိုင်းအတွင်း အီရန်လက်ကျန် အစိုးရအကြီးအကဲများက ဖမ်းဆီးပြီးနောက် သစ္စာဖောက်မှုဖြင့် စွပ်စွဲကာ သေဒဏ်ပေးခဲ့ပြီး မတ် ၆ ရက်တွင် ကွပ်မျက်လိုက်သည်ဟု အတည်မပြုနိုင်သော အာရပ် သတင်းမီဒီယာများက ဖော်ပြနေကြသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ခါမေနီ
#သေဆုံးမှု
#သစ္စာဖောက်
#အီရန်ဗိုလ်ချုပ်
#ကွပ်မျက်








