မဲခေါင်၊ မတ် ၂
လင်မယား ၂ဦးအား သေနတ်ဖြင့် ပစ်သတ်ကာ လုယက်လူသတ်မှု ကျူးလွန်သူတစ်ဦးကို သေဒဏ်ချမှတ်စီရင်သည့်ပွဲအား မိုင်းလားမြို့၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မတ် ၁ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ (၄)၊ ကျင်းခမ်း၌ လင်မယားနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူ အိုက်နိုးသာ ဆိုသူကို အထူးဒေသ (၄) အုပ်ချုပ်ရေးအဖွဲ့က ပြစ်မှုထင်ရှားသဖြင့် သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။
“သူက လောင်းကစားရှုံးတဲ့ငွေတွေအတွက် လင်မယားနှစ်ဦးကို မသေမချင်း သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ” ဟု မိုင်းလားဒေသခံတစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သူ အိုက်နိုးသာသည် ယမန်နှစ် နိုဝင်ဘာ ၉ ရက်က လောင်းကစားငွေ အများအပြား ရှုံးနိမ့်ခဲ့သဖြင့် လုယက်ရန် အကြံစည်ဖြင့် သေနတ်ယူဆောင်ကာ ကားဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၀ ရက် ည ၈ နာရီခန့်တွင် ပစ်မှတ်ဖြစ်သည့် လင်မယား၏ အိမ်ရှေ့၌ ဖုန်းပြောချင်ယောင်ဆောင်နေစဉ် အသံကြား၍ ထွက်ကြည့်သည့် အမျိုးသားကို ဦးစွာ ပစ်သတ်ခဲ့သည်။
ထို့နောက် သေနတ်သံကြောင့် ထွက်လာသည့် အမျိုးသမီးကို ထပ်မံပစ်ခတ်ခဲ့ပြီး မသေသေးသဖြင့် ထပ်မံအတည်ပြု ပစ်ခတ်ခဲ့ကာ အိမ်အတွင်းဝင်ရောက်၍ ပစ္စည်းများ ရှာဖွေလုယက်ခဲ့သည့် ဖြစ်စဉ်ကြောင့် ယခုကဲ့သို့ သေဒဏ်ပေးခံရခြင်း ဖြစ်သည်။
လူသတ်မှုကျူးလွန်သူကို အထူးဒေသ (၄) ဥပဒေပုဒ်မ ၁၈၉ အရ သေဒဏ်ပေးခြင်းဖြစ်ပြီး ယင်းပြစ်ဒဏ်ကို ချက်ချင်းစီရင်ခဲ့ကြောင်း သိရသည်။
#MeKongNews
#မိုင်းလား
#အထူးဒေသ၄
#သေဒဏ်
#လူသတ်မှု








