မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်သည့် လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ကုန်စုံဆိုင်မှ အမျိုးသမီးကို ပြန်ပေးဆွဲသူများကို ဖမ်းမိသည်ဟု ဒေသခံများထံမှ သိရသည်။
ယင်းပြန်ပေးသမားများကို ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ယင်းရပ်ကွက်တွင်ပင် နေသူများဖြစ်ကာ လမ်းသာခြား၍ နေထိုင်နေသူများဟု ဆိုသည်။
“လောလောဆယ် လားရှိုးမှာ တရားခံ ဖမ်းမိတယ် ဆိုတာ သိပ်ယုံမရဘူးခင်ဗျ၊ တနေ့က ဆရာမ ကားတိုက်မှု ဖမ်းမိတာလည်း တရားခံ အစစ်မဟုတ်ဘူးလို့ သိရတယ်။ တစ်ဖက် ဘယ်အဖွဲ့ရယ် တပ်အပ် ပြောမရဘူးခင်ဗျ။ ကလေး မလေးကလည်း သိပ်ပွင့်ပွင့်လင်းလင်း မပြောရဲဘူး”ဟု ပြန်ပေးသမားများ ဖမ်းမိသည်ဆိုသည့်အပေါ် ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
ယင်းပြန်ပေးသမားများက အမျိုးသမီးကို ကျပ်သိန်းတစ်ထောင် ပြန်ရွေးခိုင်းခဲ့သည်ဟုလည်း သိရသည်။
ယင်းဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲတွင် လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ‘တွမ်ဂျားကုန်စုံ ဆိုင်’မှ အသက် ၂၃ နှစ်အရွယ် မယဥ်ယဥ်ထွန်းကို Crown အဖြူရောင်ဖြင့် လာသည့် အမျိုးသား ၃ ဦး ဆိုင်ထဲဝင်လာပြီး သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မယဥ်ယဥ်ထွန်းမှာ ယမန်နေ့ ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက် ည ၇ နာရီခွဲ ဝန်းကျင်တွင်လည်း လားရှိုးမြို့၊ အဝေရာလမ်းသွယ် ၇ ၌ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ရွှေဆွဲကြိုး၊ ငွေသား သိန်း ၂၀ နှင့် ဖုန်းများ ပါသွားခဲ့သေးကြောင်း သိရသည်။
လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး မြို့အပြင်ရှိ ကျေးရွာအုပ်စုများကို ကိုးကန့်တပ် ဖွဲ့- MNDAA က ထိန်းချုပ်ထားသော်လည်း မြို့ပေါ်တွင် လူသတ်မှု၊ ဓားပြတိုက်လုယက်မှုနှင့် ပြန်ပေးဆွဲမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
#MeKongNews
#လားရှိုးမြို့
#ကုန်စုံဆိုင်ပိုင်ရှင်
#အမျိုးသမီး
#ပြန်ပေးဆွဲသူများ
#ဖမ်းမိ








