မဲခေါင်၊ ဖေဖော်ဝါရီ ၂၈
ကရင်နီအမျိုးသားများကာကွယ် ရေးတပ် – KNDF တပ်ရင်း ၁၅ ၏ အမည်ကို အသုံးပြုပြီး အလှူငွေများ လိုက်လံတောင်းခံနေသည့် လူလိမ်များကို သတိပြုကြရန် ယင်းတပ်ရင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်အရ ဖေ့စ်ဘွတ်ခ်အကောင့် ၄ ခုက တပ်ရင်းတာဝန်ရှိသူ ဟန်ဆောင်ကာ ငွေလိုက်လိမ်နေသည်ကို ပုံသက်သေနှင့်တကွ တွေ့ရသည်ဟု ဆိုသည်။
၎င်းအကောင့်များသည် တပ်ရင်း ၁၅ ၏နာမည်ကို အသုံးပြုပြီး ပြည်သူများထံမှ ငွေကြေးနှင့် ကိုယ်ကျိုးအတွက် အကျိုးအမြတ်များကို လိုက်လိမ်နေသော လူလိမ်များဖြစ်သည်ဟု KNDF တပ်ရင်း ၁၅ က ပြောသည်။
“ထိုလူလိမ်များသည် တပ်ရင်း၏ နာမည်ကို အသုံးပြုခြင်းဖြင့် တာဝန်ရှိသူများအဖြစ် ကိုယ်စားပြုဟန်ဆောင်၍ အလှူငွေများလိုက်လံတောင်းခံပြီး လိမ်လည်လျက်ရှိနေကြောင်း သိရှိရပါသည်။ ထို့ကြောင့် ပြည်သူများအား အထူးသတိပြုစေလိုပါသည်” ဟု KNDF တပ်ရင်း ၁၅ က ဆိုသည်။
ထို့ကြောင့် တပ်ရင်းအမည်ကို အသုံးပြုပြီး တရားမဝင် အလှူငွေ အကူအညီ တောင်းခံခြင်းများ၊ မသင်္ကာဖွယ် ဆက်သွယ်မှုများ၊ ငွေကြေးတောင်းခံမှုများ ကြုံတွေ့ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ချက်ချင်း ဆက်သွယ်အကြောင်းကြားပေးရန် ယင်းတပ်ရင်းက မေတ္တာရပ်ခံထားသည်။
ဆက်သွယ်လိုသူများအနေဖြင့် တပ်ရင်း၏ page တွင် ဆက်သွယ်အသိပေးနိုင်သကဲ့သို့ ယခုလင့် https://www. facebook. com/share/1973xzm7ga/)သို့လည်း ဆက်သွယ် အသိပေးနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်ရင်းတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် ထိုလိမ်လည်လှည့်ဖြားမှုကို ကျုးလွန်သူများအား တော်လှန်ရေးအပေါ် လိမ်လည်မှုဖြင့် နာမည်ပျက်စာရင်းသွင်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
#MeKongNews
#တပ်ရင်းအမည်
#ငွေလိမ်
#သတိပြုရန်
#KNDF








