မဲခေါင်၊ ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးနှင့် ဟိုပုံးဘက်တွင် ယခု ရက်ပိုင်းအတွင်း စတော်ဘယ်ရီစျေးများ ဆက် တိုက် ကျဆင်းနေပြီး ဝယ်ယူသူ ပွဲစားများကလည်း အရည်အသွေးကို အလွန်အမင်း ရွေးချယ်လာသဖြင့် တောင်သူများ လွှင့်ပစ်နေရပြီး အခက်ကြုံရကြောင်း သိရသည်။
စျေးနှုန်း ကျဆင်းနေသည့်အပြင် ပွဲစားများက အလုံးအရွယ်၊ အရောင်နှင့် အမာခံမှုတို့ကို တင်းကျပ်စွာ စစ်ဆေး ရွေးချယ်လာသဖြင့် စတော်ဘယ်ရီများ အချိန်မီ မရောင်းနိုင်ဘဲ ပုပ်သွားကာ လွှင့်ပစ်ရသည့် အခြေအနေအထိ ရောက်လာကြောင်း တောင်သူများက ဆိုသည်။
“စျေးက မကောင်းတော့တဲ့အပြင် ပွဲစားတွေကလည်း အရမ်းရွေးလွန်းတော့ စိုက်ထားတဲ့ စတော်ဘယ်ရီ တွေကို တစ်ဝက်လောက်တောင် မရောင်းနိုင်ဘူး။ မရောင်းနိုင်ဘဲ နေ့ ၂ ရက်လောက်ကြာသွားရင် ပုပ်သွားပြီး သွန်ပစ်ရတာပဲ ဖြစ်နေတယ်” ဟု တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ပွဲစားဘက်မှလည်း လက်ရှိဈေးကွက် အခြေအနေကြောင့် အရည်အသွေးကို မရွေးမဖြစ် ရွေးလာရကြောင်း ဆိုသည်။
“အခုက သယ်ယူပို့ဆောင်ချိန် ရှည်လာပြီး စျေးကွက်ဘက်မှာလည်း ပြန်ရောင်းရခက်နေတော့ မကောင်းတဲ့ အလုံးတွေကို မယူနိုင်တော့ဘူး၊ မယူရင် စိုက်ပျိုးသူတွေ နာတယ်။ ယူလိုက်ရင်လည်း ကိုယ်တို့ဘက်က အရှုံးပေါ်တယ်”ဟု တောင်ကြီးဒေသရှိ စတော်ဘယ်ရီ ပွဲစားတစ်ဦးက ပြောသည်။
လက်ရှိ အခြေအနေကြောင့် စိုက်ပျိုးစရိတ်များ ပြန်မရနိုင်ဘဲ အရှုံးပေါ်နေကြရသဖြင့် တောင်သူများ အနေဖြင့် စျေးကွက်တည်ငြိမ်ရေးနှင့် ဝယ်ယူမှုစနစ်များ ပိုမိုတိုးတက် ကောင်းမွန်လာရန် မျှော်လင့်နေကြ ကြောင်း သိရသည်။
#MeKongNews
#တောင်ကြီး
#ဟိုပုံး
#စတော်ဘယ်ရီ
#ပွဲစား
#တောင်သူများ








