မဲခေါင်၊ ဖေဖော်ဝါရီ ၂၂
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လာမည့် သီတင်းပတ် တနင်္လာနေ့မှ ဗုဒ္ဒဟူးနေ့အထိ ပြင်းထန်သော ရာသီဥတု အခြေအနေများ ကြုံတွေ့ရနိုင်သည်ဟု သတိပေးကာ ထိုင်းမိုးလေဝသဌာနက နွေရာသီမုန်တိုင်းများနှင့် ပတ်သက်၍ ဒုတိယ သတိပေးချက် ထုတ်ပြန်လိုက်သည်။
မိုးသက်မုန်တိုင်းများ၊ လေပြင်း တိုက်ခတ်မှုများ၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများကို အရှေ့မြောက်ပိုင်း ဒေသများတွင် ပထမဦးဆုံး ကြုံတွေ့ရနိုင်ကာ နောက်ပိုင်းတွင် မြို့တော်ဘန်ကောက် နှင့် အနီးဝန်းကျင် ပြည်နယ်များ အပါအဝင် မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများ၊ အရှေ့ပိုင်းတွင်ပါ ဆက်လက်၍ ရာသီဥတု ပြင်းထန်နိုင်ကြောင်း သိရသည်။
ထို့ပြင် မိုးကြိုးပစ်ခြင်းများလည်း ကြုံတွေ့ရနိုင်သည်ဟု ထိုင်းမိုးလေဝသဌာနက အသိပေးသည်။
တရုတ်နိုင်ငံမှ လေဖိအားများရပ်ဝန်းနှင့် လေအေးများ နိုင်ငံအရှေ့မြောက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်ဆီသို့ ရွေ့လျားလာသောကြောင့် ရာသီဥတုမတည်ငြိမ်မှု ဖြစ်ပေါ်လာသည်ဟု ဆိုသည်။
တစ်ချိန်တည်းမှာပင် တောင်ပိုင်းနှင့် အရှေ့တောင်လေများသည် နိုင်ငံအရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်း နှင့် ထိုင်းပင်လယ်ကွေ့တွင် အားကောင်းလာနေကြောင်း၊ အနောက်ဘက် လေစီးကြောင်းတစ်ခုကလည်း မြောက်ပိုင်းနှင့် အရှေ့မြောက်ကို ဖြတ်သန်းနေကြောင်း ထိုင်းမိုးလေဝသဌာနက ပြောကြား သည်။
နိုင်ငံအထက်ပိုင်းမှ ပူပြင်းသော အခြေအနေများကလည်း မုန်တိုင်းကို ပို၍ ပြင်းထန်လာစေနိုင်သည်ဟုလည်း ဆိုသည်။
ထိုအတောအတွင်းမှာပင် နိုင်ငံမြောက်ပိုင်း၊ ဒုတိယမြို့တော် ချင်းမိုင်တွင် ဖေဖော်ဝါရီ ၂၀ နှင့် ၂၁ ရက်တွင် လေပြင်းများ တိုက်ခတ်ခဲ့ခြင်းကို ခရိုင်ဒေသ အများအပြား၌ ခံစားခဲ့ရပြီး ချွမ်သောင် နှင့် ဒွိုင်လို ခရိုင် ၂ ခုတည်းမှာပင် နေအိမ်ပေါင်း အနည်းဆုံး ၄၉၀ ထိခိုက်ခဲ့ကြောင်း The Nation သတင်းအရ သိရသည်။
အေးကျော်
Ref: Bangkok Post
#MeKongNews
#ထိုင်းမြောက်ပိုင်း
#နွေရာသီမုန်တိုင်း
#သတိပေးချက်
#ထုတ်ပြန်








