မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
အီရတ်ကို အလစ်အငိုက် အင်အားအလုံးအရင်းဖြင့် ကျူးကျော်စစ် ဆင်နွှဲမှုနောက်ပိုင်း အမေရိကန်သည် အီရန်အရေး တင်းမာနေမှုအတွက် အရှေ့အလယ်ပိုင်းဒေသသို့ အင်အားအကြီးမားဆုံး လေတပ်အင်အားစုကို ပို့ဆောင်ဖြန့်ကြက်ထားကာ အီရန်အား အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားပြီး ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေးအတွက် အမေရိကန်သည် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီး ၂ စီး ဖြစ်သည့် USS Abraham Lincoln (CVN-72) နှင့် USS Gerald R. Ford (CVN-78)၊ ဖျက်သင်္ဘော Destroyers ၉ စီး၊ အထူးပြုစစ်သင်္ဘော ၃ စီး၊ ဖိုက်တာဂျက်လေယာဉ်ပေါင်း ၁၁၄ စီးနှင့် အထက်၊ ဗုံးကြဲလေယာဉ် ၆ စီး၊ ဒုံးကျည် အလုံး ၈၀၀ ကျော် ပို့ဆောင်ထားကာ ထိုအင်အားသည် ၂၀၀၃ ခုနှစ်က အီရတ်စစ်ပွဲသို့ စေလွှတ်သည့် အင်အားပြီးလျှင် အကြီးမားဆုံး အင်အားကို ပို့ဆောင်ထားခြင်း ဖြစ်သည်။
ဖိုက်တာဂျက်လေယာဉ်များထဲတွင် F-35 ကိုယ်ပျောက်လေယာဉ်များ၊ F-22၊ F-15၊ F-16 ဖိုက်တာဂျက်လေယာဉ်များ ပါဝင်ပြီး E-3 လေကြောင်းသတိပေးနှင့် ထိန်းချုပ်ရေးစနစ် လေယာဉ်များ၊ E-11 စစ်မြေပြင်ဆက်သွယ်ရေး ဂျက်လေယာဉ်များ ဂျော်ဒန်နှင့် ဆော်ဒီရှိ စခန်းများသို့ ဖြန့်ကြက်ထားရှိသည်။
ထို့ပြင် တိုက်ခိုက်ရေးနှင့် အီလက်ထရွန်းနစ်စစ်ပွဲဂျက် လေယာဉ်များပါသည့် ဒုတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စင်းသည် ဆိုက်ကပ်လာပြီး မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေးစနစ် အသစ်များကိုလည်း အလျင်စလို နေရာယူထားကာ သင်္ဘောပေါင်း ၁၃ စင်းလည်း တပ်စွဲထားသည်။
ထို့ကြောင့် အီရန်ခေါင်းဆောင် အလီခါမေနီက အမေရိကန်သင်္ဘောများအားလုံးကို နှစ်မြှုပ်ပစ်မည်ဟု တုံ့ပြန် ခြိမ်းခြောက်ခဲ့ကာ စစ်ပွဲကြီး အချိန်မရွေး ဖြစ်ရန် တာစူနေပြီဖြစ်သည်။
စစ်ရေးလေ့လာသူများက ယင်းအင်အားသည် ရက်သတ္တပတ် အတော်ကြာ အီရန်အတွင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် လုံလောက်သည့် အင်အားဖြစ်ကြောင်း သုံးသပ်နေကြသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အီရတ်
#ကျူးကျော်မှု
#လေတပ်အင်အား
#အီရန်
#အမေရိကန်








