မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်မြို့တွင် သူခိုးများ သောင်းကျန်းနေသဖြင့် ဒေသခံများ အခက်ခဲကြုံနေရကြောင်း မြို့ခံများထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်က နောင်မူကျေးရွာတွင် ရွာသားများ ကိုယ်ထူကိုယ်ထ လမ်းခင်းရာ၌ ဘုန်းကြီးကျောင်းမှ ရေသွယ်ရန် အသုံးပြုလျက်ရှိသော ပိုက်များအကုန်လုံးကို သူခိုး ခိုးသွားကြောင်း ဒေသခံများက ပြောသည်။
“ရွာသားတွေ သွယ်ထားတဲ့ ပိုက်မဲအကောင်းစား ၄ ခွေ၊ မြွေခွံပိုက်ပြာ ပေ ၉၀ ခိုးသွားတယ်။ ပိုက်အမဲက ဘုန်ကြီးကျောင်းပိုင်တဲ့ ပိုက်အပြာကတော့ ရွာဘုံပိုက် အဲဒါကိုမှ သူခိုးက ခိုးရဲတယ်။ ညဖက် လူအိပ်နေချိန် အကုန်ခိုးသွားတာ” ဟု ရွာခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ထို့ပြင် နောင်မူးကျေးရွာ အနီးတစ်ဝိုက် ရေခြံလုပ်ကိုင်နေသော ရွာသားများ၏ ရေပိုက်များ၊ သီးနှံများလည်း ခိုးယူခံနေရကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။
“သီးနှံစိုက်လည်း သီးနှံခိုး၊ ခြံထဲမှာ တဲဆောက်ထားလည်း သွပ်ခိုး၊ ရေပိုက်ခိုး၊ မြေဩဇာ၊ ပိုးသတ်ဆေးတွေ ကျန်ခဲ့ရင်တောင် ပျောက်သွားတယ်၊ သူခိုးက တွေ့သမျှ အကုန်ခိုးနေတာ။ အခြေအနေက အရမ်းဆိုးတယ်” ဟု ၎င်းက ဆက်ပြောသည်။
သူခိုးများကို ရွာသားများက ဖမ်းမိပြီး တာဝန်ရှိသူများထံ အပ်နှံသော်လည်း တာဝန်ရှိသူများက ထိထိရောက်ရောက် အရေးယူပေးခြင်း မရှိဘဲ တစ်ရက်၊ ၂ ရက်သာ ဖမ်းချုပ်ထားပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ရွာခံများကပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပင်လောင်းမြို့နယ်တွင် မူးယစ်ဆေးသုံးသူနှင့် အွန်လိုင်းဂိမ်းကစားသူ များလာခြင်းကြောင့် ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှု မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
#MeKongnews
#တီကျစ်
#သူခိုး
#သောင်းကျန်း
#ဒေသခံ
#အခက်ကြုံ








