မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ – NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကွယ်လွန်ခြင်း အပေါ် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ – PNFC က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု ယမန်န့ တွင် သတင်းထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲအစ်ကိုဖြစ်သူ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
သမိုင်းအစဉ်အလာ ကြီးမားသော ပအိုဝ်းအမျိုးသား လွတ်မြောက်မှု တတိယ တော်လှန်ရေးကို ဦးဆောင် ဆင်နွှဲရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO အား ဖွဲ့စည်းပေးခဲ့သည့် ၂၀၀၉ ခုနှစ် ပအိုဝ်းအမျိုးသား ညီလာခံကြီးသို့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ – NCGUB က သဝဏ်လွှာပေးပို့ ဂုဏ်ပြုခဲ့ဖူးကြောင်း PNFC က ဆိုသည်။
PNLO သည် လက်ရှိတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်ပြီး PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းသည် PNLO ၏ ဗဟိုကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။
ထို့ပြင် PNLO နှင့် NCGUB သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် လက်တွဲ ဆောင်ရွက်ခဲ့ကြကြောင်း PNFC ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ကြောင့် တော်လှန်ရေးကာလ တစ်လျှောက်လုံးတွင် ပအိုဝ်းအမျိုးသားများ အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးနှင့် ပြည်သူလူထုအပေါ် ရိုးရိုးကျင့် မြင့်မြင့်ကြံကာ စွန့်လွှတ် အနစ်နာခံ ဆောင်ရွက်ခဲ့သော ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့် အတူတကွ လက်တွဲဆောင်ရွက်ခဲ့ရမှုများကို အထူးအောက်မေ့ သတိရစွာဖြင့် မှတ်တမ်းတင် ဦးညွှတ် ဂုဏ်ပြုကြောင်း PNFC က ဖော်ပြထားသည်။
#MeKongNews
#NCGUB
#ဝန်ကြီးချုပ်
#ဒေါက်တာစိန်ဝင်း
#ကွယ်လွန်
#PNFC








