မဲခေါင်၊ ဖေဖော်ဝါရီ ၉
ထိုင်း အထွေထွေရွေးကောက်ပွဲတွင် ၎င်း၏ ဘွမ်ဂျိုင်ထိုင်းပါတီက မျှော်လင့်ထားသည်ထက် ပိုများသော အမတ်နေရာများ အနိုင်ရခဲ့ပြီးနောက် ထိုင်း – ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ခြံစည်းရိုးတံတိုင်း တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် စစ်တပ်ကိုလည်း အင်အား တောင့်တင်းအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားရေးကို ဦးစားပေး မဲဆွယ်ခဲ့သူ ဝန်ကြီးချုပ်လောင်း အနုတင်ချန်ဗီရာကူးလ်က ပြောသည်။
“ကျနော့အနေနဲ့ နယ်စပ်တံတိုင်းကို တည်ဆောက်ရပါဦးမယ်။ စစ်တပ်ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ဆက်ပြီး မြှင့်တင်ရပါမယ်။ ထိုင်းစစ်သားတွေဟာ ဘယ်သူနဲ့မဆို ယှဉ်နိုင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ နယ်စပ် ဂိတ်ပေါက်တွေကိုလည်း မဖွင့်ဘဲ ဆက်ပြီး ပိတ်ထားရမယ်လို့ ကျနော် ယုံကြည်နေဆဲပါ”ဟု အနုတင်က ဆိုသည်။
ရွေးကောက်ပွဲ၌ ဆန္ဒမဲ ၉၄ ရာခိုင်နှုန်း ရေတွက်ပြီးစီးချိန်တွင် အနုတင် ဦးဆောင်သော ဘွမ်ဂျိုင်ထိုင်းပါတီက ပြိုင်ဘက်များထက် များစွာ သာလွန်နေပြီး အမတ် ၅၀၀ ရှိသော ထိုင်းပါလီမန်တွင် အမတ်နေရာ ၁၉၃ နေရာအထိ အနိုင်ရရှိထားကြောင်း ရိုက်တာသတင်းဌာနက ပြုစုထားသော စာရင်းများအရ သိရသည်။
ရွေးကောက်ပွဲမတိုင်မီ စစ်တမ်းများတွင် ဦးဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး ဦးစားပေး ပြည်သူ့ပါတီ – People’s Party က ၁၁၈ နေရာ၊ သက်ဆင်မိသားစုနှင့် ဆက်နွယ်သော ဖွေထိုင်းပါတီက ၇၄ နေရာ ရရှိထားသည်။
အခြား ပါတီငယ်များကလည်း အမတ်နေရာ ၁၁၅ နေရာခန့် အနိုင်ရထားသော်လည်း ထိုင်းနိုင်ငံ၏ အချိုးကျ ကိုယ်စားပြုစနစ်အရ နောက်ဆုံး ပါတီအလိုက် အမတ်အရေအတွက် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း သိရသည်။
မဟာမိတ်အစိုးရ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းရာ၌ ၎င်းအနေဖြင့် အင်အား တောင့်တင်းသည့် လူများစု အစိုးရတစ်ရပ်ကို ဖွဲ့စည်းလိုကြောင်း အနုတင်က ဖြေကြားခဲ့သည်။
သို့သော် ညှိနှိုင်းမှုများ မလုပ်ဆောင်မီ ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များကို စောင့်ဆိုင်းသွားမည်ဟု ဆိုသည်။
“ကျနော်တို့ အင်အားကောင်းတဲ့ အစိုးရတစ်ရပ် လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အကယ်၍ အစိုးရဖွဲ့ နိုင်ခဲ့ပါက နိုင်ငံခြားရေး၊ ဘဏ္ဍာရေးနှင့် စီးပွားကူးသန်း ဝန်ကြီးဌာနများတွင် လူဟောင်းများကိုသာ ပြန်လည် ခန့်အပ်သွားမည်ဟု အနုတင်က ရွေးကောက်ပွဲ မတိုင်မီကတည်းက ပြောကြားခဲ့ဖူးသည်။
အေးကျော်
Ref: Reuters
#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#တံတိုင်း
#တည်ဆောက်
#အနုတင်








