မဲခေါင်၊ ဖေဖော်ဝါရီ ၂
ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် ကျားဖြန့် အပါအဝင် ရာဇဝတ်မှုဖြင့် တရုတ်အစိုးရ သေဒဏ် ချမှတ်ထားရသော စစ်တပ်လက်အောက်ခံ ယခင် ကိုးကန့်စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်၏ သားဖြစ်သူ ပယ်ရင်ချိန်အပါ မိသားစုဝင် ၄ ဦးကို ကွပ်မျက်လိုက်ပြီ ဖြစ်ကြောင်း တရုတ်အစိုးပိုင် မီဒီယာများက ယနေ့တွင် သတင်းဖော်ပြသည်။
ယမန်နှစ် နိုဝင်ဘာ ၃ ရက်တွင် တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ် ဆန်းကျန့်မြို့ တရားရုံးမှ ပယ်မိသားစု ရာဇဝတ်ဂိုဏ်းမှ ပယ်ဆောက်ချိန်၊ ပယ်ရင်ချိန်၊ ရန်လိချန်၊ ဟူရှောင်ကျန်း၊ ချန်ကွမ်ရိ စသည့် ၅ ဦးအား ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်စေမှု၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ထုတ်လုပ်မှု၊ ပြန်ပေးဆွဲမှု၊ လောင်းကစားရုံဖွင့်လှစ်မှု စသည့် ပြစ်မှုများဖြင့် သေဒဏ်စီရင်ခဲ့ပြီး သက်ဆိုင်ရာ ဆက်စပ် အပြစ်ဒဏ်များကို ချမှတ်ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြသည်။
ပထမအကြိမ် စီရင်ချက်ချပြီးနောက် ပယ်ဆောက်ချိန်သည် ရောဂါကြောင့် သေဆုံးခဲ့ပြီး အခြား တရားခံများက အယူခံဝင်ခဲ့ကြသည်။
ထို့နောက် ကွမ်တုံပြည်နယ် အဆင့်မြင့်တရားရုံးက စိစစ်ကြားနာခဲ့ရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် အယူခံ တင်သွင်းမှုကို ပယ်ချရန်၊ မူလ အမိန့်စီရင်ချက်ကို အတည်ပြုရန် ဆုံးဖြတ်ခဲ့ပြီး အမြင့်ဆုံး ပြည်သူ့တရားရုံးမှ စိစစ်အတည်ပြုရန် ဥပဒေနှင့်အညီ လျှောက်ထားခဲ့သည်။
ယင်းအမှုကို အမြင့်ဆုံး ပြည်သူ့တရားရုံးက ပြန်လည်စိစစ်ခဲ့ရာတွင် ပယ်ရင်ချိန်နှင့် အခြားသူတို့ ဦးဆောင်သည့် ပယ်မိသားစု ရာဇဝတ်ဂိုဏ်းသည် မြန်မာနိုင်ငံ ကိုးကန့်ဒေသတွင် ပြစ်မှုကျူးလွန်သည့် ဇုန်အများအပြားကို ကိုယ်တိုင် တည်ဆောက်ခြင်း၊ ပူးပေါင်းဖော်ဆောင်ခြင်းဖြင့် ရန်လိချန် အပါအဝင် ရင်းနှီးမြှုပ်နှံသူအများအပြား ဝင်ရောက် အခြေစိုက်စေရန် စည်းရုံးဆွဲဆောင်ပြီး လက်နက်ကိုင်များဖြင့် အကာအကွယ်ပေးခဲ့ကြောင်း၊ ထို ရင်းနှီးမြှုပ်နှံသူများနှင့်အတူ ကျားဖြန့်လိမ်လည်မှု၊ လောင်းကစားရုံဖွင့်လှစ်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်စေမှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက် ငွေညှစ်မှု၊ ပြည့်တန်ဆာလုပ်ငန်း တည်ထောင်မှုနှင့် အတင်းအဓမ္မ ခိုင်းစေမှု စသည့် ပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ လောင်းကစားနှင့် လိမ်လည်မှု စသည်တို့နှင့် စပ်လျဉ်းသည် ငွေကြေးပမာဏမှာ ယွမ် ၂၉ ဘီလီယံကျော် ရှိပြီး တရုတ်နိုင်ငံသား ၆ ဦး သေဆုံး၍ အခြားသူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပယ်ရင်ချိန်သည် အဖွဲ့နှင့်အတူ မက်သာအဖက်တမင်း (Methamphetamine) မူးယစ်ဆေးဝါး တန်ချိန် ၁၁ တန်ခန့် ရောင်းဝယ် ဖောက်ကားခြင်းနှင့် ထုတ်လုပ်ခြင်း ပြုလုပ်ခဲ့သည်ဟု အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းက ဆိုသည်။
ပထမအကြိမ် စီရင်ချက်၊ ဒုတိယအကြိမ် စီရင်ဆုံးဖြတ်ချက်တွင် အတည်ပြုထားသည့် ဖြစ်ရပ်မှာ ရှင်းလင်းပြတ်သား၍ သက်သေအထောက်အထား ခိုင်မာပြည့်စုံပြီး ပြစ်မှုသတ်မှတ်ချက် တိကျမှန်ကန်သလို ပြစ်ဒဏ်ချမှတ်မှုမှာ လျော်ကန်ကြောင်း၊ ထိုအချက်များအရ အမြင့်ဆုံး ပြည်သူ့တရားရုံးသည် ပယ်ရင်ချိန်၊ ရန်လိချန်၊ ဟူရှောင်ကျန်း၊ ချန်ကွမ်ရိတို့အား သေဒဏ်ပေးရန် ဥပဒေနှင့်အညီ စိစစ် အတည်ပြုခဲ့ကြောင်း သိရသည်။
အမြင့်ဆုံး ပြည်သူ့တရားရုံး၏ သေဒဏ်စီရင်ချက် အမိန့်ကို လက်ခံရရှိပြီးနောက် ကွမ်တုံပြည်နယ်၊ ဆန်းကျန့်မြို့ အလယ်အလတ်အဆင့် ပြည်သူ့တရားရုံးက တရားခံ ပယ်ရင်ချိန်၊ ရန်လိချန်၊ ဟူရှောင်ကျန်း၊ ချန်ကွမ်ယိတို့အား စီရင်ချက် ဖတ်ကြားကာ သေဒဏ် စီရင်လိုက်ကြောင်း သိရသည်။
ထိုသို့ သေဒဏ်မစီရင်မီ တရားခံများ၏ နီးစပ်သော ဆွေမျိုးများအား တွေ့ဆုံခွင့်ပေးခဲ့ကြောင်း ဆင်ဟွာသတင်းက ဆိုသည်။
စစ်ကောင်စီ လက်အောက်ခံ ပယ်ဆောက်ချိန်အား ကျားဖြန့်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် စစ်ကောင်စီက ၎င်းကို နေပြည်တော်လေဆိပ်မှ တစ်ဆင့် တရုတ်ထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်ကလည်း မြီမိသားစု ရာဇဝတ်ဂိုဏ်းအဖွဲ့ဝင် ၁၁ ဦးကို ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိနာကျင်စေမှု၊ တရားမဝင်ဖမ်းဆီးထိန်းသိမ်းမှု၊ လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ တည်ထောင်လုပ်ကိုင်မှု စသည်တို့အပါအဝင် ပြစ်မှုများအတွက် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဝန်းကျိုးမြို့ရှိ တရားရုံးက သေဒဏ်စီရင် ကွပ်မျက်ခဲ့သေးသည်။
တရုတ် ပြည်သူ့တရားရုံးချုပ် – SPC ၏ ထုတ်ပြန်ချက်အရ ၎င်းတို့ လိမ်လည်မှုနှင့် လောင်းကစားမှုများ၌ ပါဝင်သော ငွေကြေးများမှာ ယွမ် ၁၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့်) ရှိခဲ့ကြောင်း သိရသည်။
ထိုရာဇဝတ်ဂိုဏ်းများသည် လိမ်လည်မှုတွင် ပါဝင်သူများကို ရည်ရွယ်ချက်ရှိရှိ လူသတ်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် တရားမဝင် ချုပ်နှောင်ဖမ်းဆီးခြင်းများ ကျူးလွန်ခဲ့ရာ တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးခဲ့ရပြီး အခြားသူများကိုလည်း ဒဏ်ရာ ရစေခဲ့ကြောင်း ဆိုသည်။
#MeKongNews
Ref: Xinhua
#ကိုးကန့်စစ်ခေါင်းဆောင်
#ပယ်ဆောက်ချိန်
#ပယ်ရင်ချိန်
#တရုတ်
#ကွပ်မျက်








