မဲခေါင်၊ ဇန်နဝါရီ ၂၈
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်သော ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင် နိုင်ငံများတွင် ပါဝင်ခဲ့သည့် ကမ္ဘောဒီးယားမှာ အဖွဲ့ဝင်အဖြစ် ပေးရမည့်ဒေါ်လာ ၁ ဘီလီယံမရှိဟု ထိုင်းမီဒီယာများက ခေါင်းစဉ်တပ် ဖော်ပြကြသည်။
ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် ဂါဇာနှင့် ပဋိပက္ခသက်ရောက်နိုင်ငံများအား ငြိမ်းချမ်းရေးမစ်ရှင် တည်ဆောက်ကူညီပေးရေး အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဒေါ်နယ်ထရမ့်က ဖိတ်ခေါ်ခဲ့ရာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က လက်ခံခဲ့သဖြင့် ဝေဖန်မှုများစွာ ဖြစ်လာမှုအပေါ် ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ၎င်းက ဇန်နဝါရီ ၂၆ ရက်တွင် တုံ့ပြန် ရှင်းလင်းခဲ့သည်။
ရေရှည်ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အမေရိကန်သမ္မတ အစီအစဉ်တွင် ရာနှုန်းပြည့် ပါဝင်မှုကို သက်သေပြကာ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ခြင်းသာ ဖြစ်ကြောင်း၊ သို့သော် စတင် ထူထောင်သည့် နိုင်ငံများတွင် ပါဝင်ခြင်းသည် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်သည်ဟု မဆိုလိုကြောင်းနှင့် စတင်ပါဝင်ပြီး ၃ နှစ်ပြည့်မှ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဆက်ပါဝင်လိုလျှင် ဒေါ်လာ ၁ ဘီလီယံ ပေးရခြင်း ဖြစ်သည့်အတွက် ပါဝင်ခြင်းသာဖြစ်သည်ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ကုလသမဂ္ဂ ဖြေရှင်းရေးအဖွဲ့နှင့် မပတ်သက်ဘဲ ပြင်ပမှ သီးခြားအဖွဲ့အဖြစ် ထူထောင်ခြင်းသာဖြစ်ရာ ဥရောပရှိ ချမ်းသာသည့် နိုင်ငံများစွာပင် ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်ရမည်ဆိုခြင်းကြောင့် မပါဝင်ခဲ့ကြပေ။
လက်ရှိအထိ ထရမ့်၏ ကမ်းလှမ်းမှုကို လက်ခံသည့် နိုင်ငံများတွင် ယူအေအီး၊ ဘာရိန်း၊ အယ်လ်ဘေးနီးယား၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်နှင့် ဘီလာရုစ်တို့ ပါဝင်ကာ ထိုင်းကိုလည်း ကမ်းလှမ်းထားရာတွင် ရွေးကောက်ပွဲအပြီး နောက်အစိုးရတက်မှ ပါခြင်း၊ မပါ ခြင်းဆုံးဖြတ်မည်ဟု တုံ့ပြန်ထားကြောင်း သိရသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ထရမ့်
#ငြိမ်းချမ်းရေးဘုတ်အဖွဲ့
#ဟွမ်မာနက်
#ကမ္ဘောဒီးယား








