မဲခေါင်၊ ဇန်နဝါရီ ၂၃
ဂါဇာတွင် ထာ၀ရငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးအတွက်လည်း ထာ၀ရလုံခြုံရေး ရရှိရေးအပြင် ဂါဇာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များအတွက် ဒေါ်နယ်ထရမ့် ဦးဆောင် ထူထောင်သော နိုင်ငံတကာ အစိုးရများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထံ အမေရိကန်က သိမ်းဆည်းထားသော ပိုင်ဆိုင်မှုများထဲမှ ဒေါ်လာတစ်ဘီလီယံ ပေးသွားမည်ဟု ရုရှားသမ္မတ ပူတင်က ဇန်နဝါရီ ၂၁ ရက်တွင် အတည်ပြု ခဲ့သည်။
The New York Times ၏ ဖော်ပြမှုအရ အမြဲတမ်း ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင် အဖြစ် ပါဝင်မည့် နိုင်ငံတိုင်းသည် ဒေါ်လာတစ်ဘီလီယံ ထည့်ဝင်ရမည်ဟု ဆိုကာ ရုရှားကိုလည်း ပါဝင်ရန် ထရမ့်က ဖိတ်ခေါ်ထားပြီး ပူတင်ဘက်မှ ပါ၊ မပါ အကြောင်း မပြန်သေးသော်လည်း ဂျိုးဘိုင်ဒန် လက်ထက်က ယူကရိန်းကို ကျူးကျော်မှုကြောင့် အမေရိကန် သိမ်းဆည်းထားသည့် ပိုင်ဆိုင်မှုများထဲမှ ဒေါ်လာတစ်ဘီလီယံကို ဂါဇာ ပြန်လည် ထူထောင်ရေးအတွက် ပေးသွားမည်ဟု ပူတင်က ဆိုခဲ့သည်။
လက်ရှိတွင် မွတ်ဆလင်နိုင်ငံများ ဖြစ်သည့် ဆော်ဒီ၊ တူရကီ၊ အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ကာတာ၊ ယူ အေအီး၊ ကူဝိတ်တို့ အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံက ထိုအဖွဲ့အတွင်း ပါဝင်ရန် အတည်ပြုခဲ့ကြပြီး ပူတင်၏မဟာမိတ် ဘီလာရုစ်မှ အာဏာရှင် လူကာရှန်ကိုသည်လည်း ထရမ့်၏ ကမ်းလှမ်းမှုကို လက်ခံထားသည်ဟု သိရသည်။
ကိုယ်စားလှယ်များဖြစ်သော စတိဗ်ဝစ်ကော့ဖ်နှင့် ထရမ့်၏ သားမက် ဂျာရတ်ကုရှ်နာ တို့သည် မော်စကိုသို့ ဇန်နဝါရီ ၂၂ ရက်တွင် ရောက်ရှိခဲ့ပြီး ယူကရိန်းနှင့် ရုရှား ငြိမ်းချမ်းရေး ကိစ္စ ဆက်လက် ဆွေးနွေးမည်ဖြစ်ကာ ငြိမ်းချမ်းရေး ရယူနိုင်ပြီးလျှင် အမေရိကန် သိမ်းဆည်းထားသည့် ရုရှားပိုင်ဆိုင်မှုများထဲမှ ကျန်သည့်ပိုင်ဆိုင်မှုများကို ယူကရိန်း ပြန်လည် ထူထောင်ရေးအတွက် ပေးသွားမည်ဟုလည်း ပူတင်ဘက်မှ ကတိပြုထားကြောင်း သိရသည်။
ကိုကလင်း
Ref: meduza
#MeKongNews
#အမေရိကန်
#ပိုင်ဆိုင်မှု
#ထရမ့်








