မဲခေါင်၊ ဇန်နဝါရီ ၂၁
နယူးဒေလီမြို့ အရှေ့ဘက် မိုင် ၇၃၀ အကွာ ဂျာခန်းအရပ် အနောက်ဆင်ဘမ်း နယ်မြေ၌ ဆင်အုပ်မှ သင်းကွဲကာ ငယ်ရွယ်ပြီး ဖြတ်လတ်သန်မာသလို အလွန်မုန်ယိုနေသော အစွယ်တစ်ချောင်းသာ ပါသည့် ဆင်ထီးတစ်ကောင် ရန်လိုမှုကြောင့် ဇန်နဝါရီ ၁ ရက်မှ ၉ ရက် အတွင်း အနည်းဆုံး ၂၂ ယောက် သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း သိရသည်။
ချိုင်ဘာဆာနှင့်ကိုလ်ဟန် တောအုပ်အစပ် ရွာနီးချုပ်စပ်များတွင် ယင်းဆင်သည် ခြောက် လှန့်လည်း မရဘဲ မဲမဲမြင်ရာ လူများအား ရန်ရှာ တက်နင်းနေသဖြင့် ဒေသခံများမှာ ညဘက်များတွင် သစ်ပင်နှင့် အိမ်ခေါင်မိုးပေါ် ကြောက်ရွံ့စွာ ပုန်းအောင်းခဲ့ရကာ ဆင်တစ်ကောင်တည်းကြောင့် လူပေါင်း ၂ ဒါဇင်နီးပါး သေဆုံးရသည့် ဖြစ်ရပ်မျိုး မကြုံဖူးဟု ချိုင်ဘာဆာ သစ်တောဦးစီးဌာနမှ ခရိုင်အရာရှိ အဒစ်ယာနာရာယန်က ပြောခဲ့သည်။
ယင်းဆင်သည် အလွန်မုန်ယိုနေသော အဆင့်ဖြစ်နေ၍ မုန်စိတ်ကျစေရန် အနည်းဆုံး နောက်ထပ် ရက် ၂၀ ကြာဦးမည်ဖြစ်ကာ ကြားကာလအတွင်း သစ်တောဝန်ထမ်း ၈၀ နှင့် ၁၀၀ ကြားအား စေလွှတ်ပြီး မုန်စိတ်ကျစေမည့် ဆေးသွင်းထိန်းချုပ်ကာ သဘာ၀ တောရိုင်းတိရစ္ဆာန်အဖြစ် ၎င်း၏ ဆင်အုပ်များရှိရာ တောတွင်းသို့ ပြန်ဝင်စေရေး ကြိုးစားသွားမည် ဟုလည်း အဒစ်နာရာယန်က ဆိုသည်။
လူ ၂၂ ယောက်သေဆုံးမှုအတွင်း တစ်ညတည်း သေဆုံးမှုအများဆုံး ကြုံခဲ့ရာတွင် ကောက်ပဲသီးနှံများကို စောင့်ရှောက်ကာ ယာမီးရှို့သည်ည၌ ယင်းဆင် ဝင်ရောက် သောင်းကျန်းသဖြင့် သစ်တောလုပ်သားတစ်ဦး၊ ယာခင်းမှ အိမ်အပြန်လမ်း၌ ၃၄ နှစ်အရွယ် လယ်သမားတစ်ဦး၊ ယာခင်းစောင့် ၆၂ နှစ်အရွယ် ဘာဟိုဒါဆိုသည့် လူကြီးတစ်ဦးနှင့် ၎င်း၏ ၆ နှစ်နှင့် ၈ နှစ်အရွယ် ရင်သွေး ၂ ဦးတို့ တစ်ညအတွင်း သေဆုံးခဲ့ရသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#အိန္ဒိယ
#မုန်ယို
#ဆင်တစ်ကောင်
#ရန်ပြု
#သေဆုံး








