မဲခေါင်၊ ဇန်နဝါရီ ၁၅
နှစ်ပေါင်းများစွာ အတွင်း အကြီးမားဆုံး ဆန္ဒပြပွဲများကို အီရန်ဘာသာရေး ခေါင်းဆောင် အုပ်ချုပ်သူများက နှိမ်နင်းနေကြချိန်တွင် အစိုးရကို ဆက်ပြီး ဆန္ဒပြကြရန်နှင့် အကူအညီများ လာတော့မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံသားများကို တိုက်တွန်း ပြောကြားသည်။
“အီရန် မျိုးချစ်တွေ၊ ဆက်ပြီး ဆန္ဒပြကြ၊ တိုင်းပြည်ပြု အဖွဲ့အစည်းတွေကို လွှဲပြောင်းရယူကြ၊ အကူအညီ လာတော့မယ်” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့ပြီး မည်သို့ကူ ညီမည်ကိုမူ မပြောပေ။
အကူအညီ လာတော့မည်ဟု ဆိုသည်မှာ မည်သို့ ဆိုလိုခြင်း ဖြစ်သည်ကို မေးမြန်းရာ၌ ၎င်းအနေဖြင့် လေ့လာရဦးမည် ဖြစ်ကြောင်း ထရမ့်က သတင်းထောက်များကို ပြောသည်။
“လိုက်ဖက်ညီညီ အရေးယူသွားမယ်”ဟု ဆန္ဒပြသူများအား နှိမ်နင်းမှုကြောင့် အီရန်အပေါ် ဒဏ်ခတ်မှုတွင် စစ်ရေး နည်းလမ်းလည်း ပါဝင်နိုင်ကြောင်း ပြောကြားထားသည့် ၎င်းက ဆိုသည်။
ဆန္ဒပြသူများကို အဆင်အခြင်မဲ့ သတ်ဖြတ်နေခြင်းများ မရပ်တန့်မချင်း အီရန်အရာရှိများနှင့် အစည်းအ ဝေးအားလုံးကို ဖျက်သိမ်းထားသည်ဟု ထရမ့်က မိန့်ခွန်းတစ်ရပ်၌ ပြောကာ “ သတ်ဖြတ်၊ နှိပ်စက် သူတွေရဲ့ နာမည်တွေကို မှတ်ထားပါ။ သူတို့ တန်ဖိုးကြီးကြီး ပေးဆပ်ရမှာ ဖြစ်လို့ပါ” ဟု ဆိုသည်။
ဆန္ဒပြမှုများတွင်း လူပေါင်း ၂၀၀၀ ခန့် သေဆုံးခဲ့သည်ဟု အီရန် အရာရှိတစ်ဦးက ပြောကြားခဲ့ရာ နိုင်ငံ တစ်ဝန်း သီတင်း ၂ ပတ်ကျော် မငြိမ်သက်မှုမှ သေဆုံးသူ စာရင်းကို အာဏာပိုင်တစ်ဦးက ပထမဆုံးအကြိမ် ဖွင့်ဟခြင်း ဖြစ်သည်။
အီရန် အဓိကရုဏ်းများတွင် လူပေါင်း ၂၀၀၃ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ၁၈၅၀ ဦးမှာ ဆန္ဒ ပြသူများ ဖြစ်သည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ HRANA က ပြောသည်။
တူရကီ သို့မဟုတ် အာမေးနီးယားနိုင်ငံသို့ ကုန်းလမ်းများအပါအဝင် အီရန်ရှိ အမေရိကန် နိုင်ငံသားများ ယအချိန်တွင် ထွက်ခွာကြရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
အေးကျော်
Ref: Reuters
#MeKongNews
#အစိုးရ
#ဆန္ဒပြ
#အီရန်
#ထရမ့်








