မဲခေါင်၊ ဇန်နဝါရီ ၁၄
ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၃) နစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်သည်။
ယင်းလွတ်ငြိမ်းခွင့်အား ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA ဥက္ကဌ တားအိုက်ဘုန်း၏ အမိန့် ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းတို့အထဲတွင် စစ်ကောင်စီတပ်မှ ၁၀၀ ဦး သာမက RCSS တပ်ဖွဲ့မှ ၄ ဦးနှင့် အခြား အဖွဲ့အစည်းများမှ ၇ ဦး ပါဝင်ပြီး စုစုပေါင်း ၁၁၁ ဦး ဖြစ်ကြောင်း သိရသည်။
လွတ်ငြိမ်းခွင့်ရသည့် စစ်ကောင်စီ တပ်သားများမှာ အသက်ကြီးသူများနှင့် စစ်ပြေးသူများ ဖြစ်ကြပြီး ၎င်းတို့သည် ၂၀၁၉ မှ ၂၀၂၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ဖမ်းမိခဲ့သူများ ဖြစ်ကြောင်း သိရသည်။
လူသားချင်း စာနာထောက်ထားသော အားဖြင့် တအာင်းအမျိုးသား အထိမ်းအမှတ်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းသူများအား ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု TNLA ထုတ်ပြန်ချက်က ဆိုသည်။
#MeKongNews
#စစ်ကောင်စီ
#သုံ့ပန်း
#TNLA
#လွတ်ငြိမ်းခွင့်ပေး








