မဲခေါင်၊ ဇန်နဝါရီ ၁၁
တာချီလိတ်ခရိုင် တရားသူကြီး ဦးထွန်းနိုင်ထွေး မူးယစ်မှုများမှ လာဘ်ငွေ ဘတ်သန်းနှင့်ချီ လာဘ်စားသည့် ကိစ္စများကို မဲခေါင်သတင်းဌာနမှ ဖော်ပြီးနောက် တာချီလိတ်မြို့နယ်တရားသူကြီး နန်းဝေဝေအောင်လည်း လာဘ်ငွေယူသည့်ကိစ္စ နာမည်ကြီးနေကြောင်း ဒေသခံများက သတင်းပေးပို့လာသည်။
မြို့နယ်တရားရုံးတွင်လည်း အမှုအကြီးအသေးအလိုက် ဘတ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ တောင်းခံနေကြောင်း၊ တာချီလိတ်မြို့နယ်တရားသူကြီး နန်းဝေဝေအောင်သည် ငွေကြေးမတတ်နိုင်သည့် တရားရင်ဆိုင်သူများကို အမှုမစစ်ဘဲ ရမန်ချိန်းကာ အချိန်ဆွဲခြင်းဖြင့် ငွေရှာခိုင်းနေသည်ဟုလည်း ဒေသခံများက ပြောသည်။
“ခိုးမှု၊ ရိုက်မှုကအစ အနည်းဆုံး ဘတ် ၅ သောင်းပေးရတယ်။ တရားသူကြီးပဲ ပေးရတာမဟုတ်ဘူး၊ တရားရုံးက စာရေးတွေ၊ အမှုပွဲစားတွေလည်း တောင်းကြတာ။ စီရင်ချက်မိတ္တူတောင်းတာကိုတောင် အနည်းဆုံး ဘတ် ၃ ထောင်လောက် ပေးရတယ်။ တရားရုံးသွားရင် ပိုက်ဆံပါမှရတာ။ တော်တော်အတောင်းကြမ်းကြတယ်၊ ပိုက်ဆံမပေးရင် အဖက်တောင်မလုပ်ဘူး” ဟု တရားရင်ဆိုင်နေရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။
လက်ရှိ တာချီလိတ်မြို့နယ်တရားသူကြီး နန်းဝေဝေအောင်မှာ တာချီလိတ်မြို့နယ် တရားရုံးတွင် ပထမဆုံး အမျိုးသမီး တရားသူကြီးဖြစ်ပြီး ၎င်း၏အမျိုးသားမှာလည်း တောင်ကြီးမြို့နယ်တရားသူကြီးတစ်ဦး ဖြစ်ကြောင်း တရားရေးနှင့် နီးစပ်သူများထံမှ သိရသည်။
“တာချီလိတ်မှာ တခါမှ အမျိုးသမီးတရားသူကြီး မကျဖူးဘူး။ သူပထမဆုံးပဲ။ သူတို့က တပည့်တွေမွေးထားတယ်။ အဲဒီလူတွေကတဆင့် ယူတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တရားရုံး လာဘ်ငွေ ရယူမှုအများစုကို ရုံးအကူ ရဲနိုင်လင်းမှတဆင့် တောင်းခံရယူခြင်းဖြစ်ကြောင်း တရားရေးနှင့် နီးစပ်သူများထံမှ သိရသည်။
တာချီလိတ်ခရိုင်နှင့် မြို့နယ်တရားရုံးများတွင် တရားစွဲဆိုခံရသူများထံမှ လာဘ်ငွေရယူခြင်း၊ တရားပြိုင်ထံမှသာမက တရားလိုထံမှပါ နှစ်ဖက်ခွငွေကြေးရယူခြင်း၊ ငွေကြေးမတတ်နိုင် ချို့တဲ့သူများထံမှ ငွေညှစ်တောင်းခံခြင်းများကို အမှုတစ်ခုချင်းအလိုက် မဲခေါင်သတင်းဌာနထံ လာရောက်ပြောဆိုမှုများလည်း ရှိနေသည်။
#MeKongNews
#တာချီလိတ်
#တရားရုံး
#နန်းဝေဝေအောင်
#လာဘ်စားမှု








