မဲခေါင်၊ ဇန်နဝါရီ ၁၁
ထိုင်းနိုင်ငံတောင်ပိုင်း၊ နယ်စပ်ပြည်နယ် ၃ ခုဖြစ်သော ယာလာ၊ ပဌာနီနှင့် နရသီဝပ်တို့ရှိ ဂက်စ်ဆိုင် ၁၁ ဆိုင်အား အတည်မပြုနိုင်သေးသော တိုက်ခိုက်ရေးသမားများက ယနေ့ နံနက်ပိုင်းတွင် ဗုံးခွဲ တိုက်ခိုက်ခြင်းနှင့် မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
လက်ရှိတွင် အာဏာပိုင်များက အခင်းဖြစ်ပွားရာ နေရာများကို ပိတ်ဆို့ထားပြီး အရေးပေါ် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည်။
ယာလာပြည်နယ် ရဲတပ်ဖွဲ့ အထူးစစ်ဆင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မည်သည့် အဖွဲ့အစည်း လက်ချက်ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် အမည်မသိ တိုက်ခိုက်ရေးသမားများက ယာလာ၊ ပဌာနီ နှင့် နရသီဝပ် ပြည်နယ်များရှိ ဂက်စ်ဆိုင်များနှင့် စတိုးဆိုင် အများအပြားကို တစ်ချိန်တည်း ဗုံးခွဲခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ယင်းတိုက်ခိုက်ခံရမှုတွင် ယာလာမှ ဂက်စ်ဆိုင် ၄ ခု၊ နရသီဝပ်မှ ၅ ဆိုင်၊ ပဌာနီပြည်နယ်မှ ဂက်စ်ဆိုင် ၂ ဆိုင်တို့ ပါဝင်ခဲ့သည်။
ယင်းဖြစ်စဉ်ကြောင့် အဆောက်အဦများ ပျက်စီး ဆုံးရှုံးခဲ့သော်လည်း လက်ရှိ အချိန်အထိ ထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှု သတင်းများ မရရှိသေးပေ။
တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အခြေအနေကို ထိန်းချုပ်ရန်နှင့် အများပြည်သူ ဘေးကင်း လုံခြုံရေးအတွက် အခင်းဖြစ်ပွားရာ နေရာများကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းရံ ပိတ်ဆို့ထားသည်။
ထို့အတူ တိုက်ခိုက်မှု နောက်ခံ အကြောင်းရင်းကို ဖော်ထုတ်ရန်နှင့် သက်သေ အထောက်အထားများ စုဆောင်းရန် မှုခင်းသိပ္ပံ ကျွမ်းကျင်သူများ၏ စစ်ဆေးမှုကို စောင့်ဆိုင်းလျက်ရှိပြီး အနီးဝန်းကျင် နေရာများတွင်လည်း လုံခြုံရေး အထူး တင်းကျပ်ထားသည်။
#MeKongNews
#ထိုင်းတောင်ပိုင်း
#ဂက်စ်ဆိုင်
#ဖောက်ခွဲ
#တိုက်ခိုက်








