မဲခေါင်၊ ဇန်နဝါရီ ၁၀
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP က ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင် သတင်း ထုတ် ပြန်သည်။
ဇန်နဝါရီ ၉ ရက်၊ နံနက် ၉ နာရီခွဲမှ ည ၈ နာရီ မိနစ် ၂၀ အချိန်အထိ သီပေါမြို့နယ် အတွင်းရှိ နမ့်ကုံ ကျေးရွာအနီး၊ ဟိုင်းဆိုင် ကျေးရွာအနီးနှင့် နားပျန်ကျေးရွာ အနီးတို့တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် များဖြင့် အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု SSPP က ပြောသည်။
ထို့ပြင် ဇန်နဝါရီ ၈ ရက်တွင်လည်း သီပေါမြို့နယ်၊ နမ့်စောင်ချောင်း တောတွင်း တစ်နေရာတွင် စစ်ကောင် စီတပ်နှင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီနှင့် ပစ်ခတ်မှုဖြစ်သည်မှာ SSPP တပ်ဖွဲ့များ မဟုတ်ကြောင်း မည်သည့် အဖွဲ့နှင့် ပစ်ခတ် မှုဖြစ်သည်ကို စုံစမ်းစိစစ်ဆဲဖြစ်ကြောင်း SSPP ကဆိုသည်။
“အဆိုပါ နယ်မြေရှင်းလင်းမှု၊ ပစ်ခတ်တိုက်ခိုက်မှုနှင့် တရားမဝင် လုပ်ငန်းလုပ်ဆောင်သော အဖွဲ့များ သည် မိမိတို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်နှင့် ပါဝင်ပတ်သက်ခြင်း လုံးဝ (လုံးဝ) မ ရှိပါ”ဟု SSPP တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ၎င်းတို့ အနေဖြင့် တရားမဝင် လုပ်ငန်းများ မရှိစေရေးအတွက် တားမြစ် ကြေညာချက်များ အကြိမ်ကြိမ် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပြီး တရားမဝင် လုပ်ငန်းကိစ္စများနှင့် ပါဝင် ပတ်သက်သူများကိုလည်း စိစစ် အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် စစ်ကောင်စီ အနေဖြင့် နယ်မြေရှင်းလင်းရေး စီမံချက်များ အမြန်ဆုံး အဆုံးသတ်စေရေး၊ ဒေသခံ မိဘပြည်သူလူထုများ ထိခိုက်မှုမရှိစေရေး အပါအဝင် ဒေသ တည်ငြိမ်အေးချမ်းရေး၊ လက်ရှိ ငြိမ်းချမ်းရေး မထိခိုက်စေရေး၊ မလိုလားအပ်သော အကျိုးသက်ရောက်မှုများ မဖြစ်ပေါ်လာစေရေး တို့အတွက် အထူးသတိထား ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း SSPP က ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
#MeKongNews
#သီပေါ
#တိုက်လေယာဉ်
#စစ်ကောင်စီ
#ဗုံးကြဲ
#SSPP








