မဲခေါင်၊ ဇန်နဝါရီ ၁
အကျိုးစီးပွား၊ အုပ်စုဖွဲ့မှု စသည်များကို ဘေးဖယ်ထားပြီး ဘုံရန်သူ စစ်အာဏာရှင်ကို စစ်အနိုင် တိုက်ရမည်ဟု ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး – ကလလတက တိုက်တွန်း ပြောကြားသည်။
၂၀၂၆ ခုနှစ် နှစ်သစ်ကူး သဝဏ်လွှာအတွင်း ကလလတဥက္ကဌ ရဲဘော်ထွန်းကျော်က ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။
“တော်လှန် အင်အားစုတွေ အချင်းချင်း အတိတ်ကာလက ရန်ငြိုးရန်စ ပဋိပက္ခ၊ နယ်မြေ အငြင်းပွားမှု၊ အကျိုးစီးပွား အားပြိုင်မှု၊ အုပ်စုဖွဲ့မှု စသည်တို့ကို ဘေးဖယ်ထားပြီး ဘုံရန်သူကို စစ်အနိုင်တိုက်ရေး ဦးစားပေးရတော့မည့် အချိန်ကာလ ဖြစ်သည်ဟု သုံးသပ် ရှုမြင်ပါသည်”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ်သည် ပြည်သူ့တော်လှန်ရေး အချိုးအကွေ့ အလှည့်အပြောင်းအတွက် အရေးကြီးသောနှစ် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထို့ပြင် တော်လှန်ရေး အင်အားစု အသီးသီး၏ မတူကွဲပြားသော ယုံကြည်ချက်၊ ခံယူချက်နှင့် သမိုင်းကြောင်း ဖြစ်တည်မှုတို့ကို အပြန်အလှန် အသိအမှတ် ပြုကြရမည်ဖြစ်ပြီး လူဟောင်း လူသစ်၊ လူကြီး လူငယ်၊ လက်ဝဲ လက်ယာ မခွဲခြားဘဲ အပြန်အလှန် လေးစားမှုဖြင့် စုဖွဲ့ကြရတော့မည့် အချိန်ဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။
ထို့နောက် မြန်မာပြည်သူ တစ်ရပ်လုံး စစ်ကျွန်ဘဝမှ အတူတကွ လွတ်မြောက်ကြရန် မလုပ်နိုင်ပါက မည်သူကမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း၊ စုစည်း ညီညွတ်စွာ တော်လှန်ကြမှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်းနှင့် တော်လှန်ရေး အင်အားစု အသီးသီးက ကိုယ်စီကိုယ်စီ တော်လှန်ရေး သင်ခန်းစာများ ရခဲ့ကြပြီး ဖြစ်သည်ဟု ၎င်း က ဆက်ပြောသည်။
မတရားဖိနှိပ် အုပ်ချုပ်သူ စစ်အာဏာရှင် တစ်စုကို အဖိနှိပ်ခံ ပြည်သူလူထု တစ်ရပ်လုံးက တော်လှန်ကြသည်ကို “ပြည်သူ့တော်လှန်ရေး ” ဟု ရိုးသားရှင်းလင်း၊ လေးနက် တည်ကြည်စွာ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ကြပြီး တော်လှန်အင်အားစု အားလုံးက တော်လှန် ပြည်သူတို့နှင့် အတူလက်တွဲ၍ နွေဦးတော်လှန်ရေး အောင်မြင်သည် အထိ တော် လှန်စစ် ဆင်နွှဲမည်ဟုလည်း ၎င်းက ပြောသည်။
#MeKongNews
#အကျိုးစီးပွား
#ဘုံရန်သူ
#အနိုင်တိုက်
#ကလလတ







