မဲခေါင်၊ ဇန်နဝါရီ ၁
၁၀ လအတွင်း (၅) ကြိမ်မြောက် အဖြစ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် Palm Beach တွင် တွေ့ဆုံ ဆွေးနွေးစဉ် အီရန်အနေဖြင့် နျူကလီးယားလက်နက် ဆက်လက် ထုတ်လုပ်နေပါက ငရဲတွင်းထဲ ပစ်ချမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေး ပြောဆိုခဲ့သည်။
ထရမ့်နှင့် နေတန်ယာဟုတို့သည် အစ္စရေးနှင့် ဂါဇာ ငြိမ်းချမ်းရေး ဒုတိယအဆင့် ဖြစ်မြောက်ရေး ဆွေးနွေးနေခြင်း ဖြစ်ကာ အီရန်သည် ပြီးခဲ့သည့် နွေရာသီကတည်းက နျူကလီးယားလက်နက် ထုတ်လုပ် နေသည့်အတွက် စိုးရိမ်ဖွယ် ရှိနေသည်ဟု နေတန်ယာဟုက ပြောဆိုခဲ့သည်။
ထိုစကားကို သတင်းကြားကြောင်းနှင့် အီရန်က ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးကို ဆန္ဒရှိသဖြင့် ထိုသတင်း မဟုတ်ပါစေနှင့်ဟု ဆုတောင်းကြောင်း၊ တကယ်တမ်း အီရန်အနေဖြင့် နျူကလီးယား လက်နက် ထုတ်လုပ်နေဦးမည် ဆိုလျှင် ငရဲတွင်းသို့ ပစ်ချမည်ဟု ထရမ့်က နေတန်ယာဟုအား ကတိပေး ပြောဆိုသွားခဲ့ခြင်း ဖြစ် သည်။
အီရန်တွင် ပြီးခဲ့သည့် ရက်ပိုင်းက ပိတ်ဆို့အရေးယူ ခံနေရမှုများကြောင့် မည်သို့မျှ ရှင်သန် ရုန်းကန်နိုင်စွမ်း မရှိသဖြင့် လက်ရှိ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီ အစိုးရအဖွဲ့ အဆုံးသတ်ပေးရန် ပြည်သူများနှင့် လုပ်ငန်းရှင်များ အားလုံး ပါဝင်ကာ တီဟီရန်မြို့ လမ်းများပေါ် ရဲရင့်စွာ ဆန္ဒ ထွက်ပြခဲ့ကြသည်။
သို့ရာတွင် အမေရိကန်၊ ဥရောပနှင့် အစ္စရေးတို့သည် မိမိတို့အား ဒူးထောက် အညံ့ခံစေရန် ဘက်ပေါင်းစုံမှ ဝန်းရံပိတ်ဆို့ ပြဿနာရှာနေသဖြင့် အလုံးစုံစစ်ပွဲ ကာလသို့ ရောက်နေပြီး အညံ့ခံ သွားမည် မဟုတ်ဘဲ စစ်ဖြစ်ရန် အသင့်ရှိကြောင်း၊ နျူကလီးယားလက်နက် ထုတ်လုပ်ရေးကိုလည်း ရပ်တန့်ပေး သွားမည် မဟုတ်ဟု အီရန်သမ္မတ မာဆွတ်ပီဇက်ခီယန်က တိုက်ပွဲခေါ်သံ ထုတ်ပြန်ခဲ့ရာ ဒေါ်နယ်ထရမ့်က ထပ်မံ သတိပေး ကြိမ်းမောင်းလာခြင်း ဖြစ်သည်။
ကိုကလင်း
Ref: Thesun
#နျူကလီးယား
#အီရန်
#ငရဲတွင်း
#ဒေါ်နယ်ထရမ့်
#သတိပေး








