မဲခေါင်၊ ဒီဇင်ဘာ ၃၀
ကမ္ဘောဒီးယားမှဒရုန်း ၂၅၀ ကျော် ထိုင်းဘက်သို့ နယ်ကျော် ဝင်ရောက်ခဲ့ကြောင်း ထိုင်းအမှတ် -၂ စစ်ဒေသက ပြောကြားခဲ့ပြီးနောက် ဖနွမ်းပင်နှင့် အခြားပြည်နယ်များ၊ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ပြည်နယ်များတွင် အခွင့်မရှိ ဒရုန်းပျံသန်းမှုများကို ပိတ်ပင်လိုက်ကြောင်း ကမ္ဘောဒီးယားက အမိန့်ထုတ်ပြန်လိုက်သည်။
ဒီဇင်ဘာ ၂၈ ရက်ညတွင် ထိုင်းနိုင်ငံ၏ နေရာပေါင်း ၉ နေရာတွင် ကမ္ဘောဒီးယားဘက်မှ ဒရုန်း ၂၅၀ ကျော် ဝင်ရောက်ခဲ့သည်ကို ထောက်လှမ်းသိရှိခဲ့သည်ဟု အမှတ် -၂ စစ်ဒေသက ထုတ်ပြန် ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဒရုန်းများ ပျံသန်းဝင်ရောက်လာမှုများကို လှုံ့ဆော်ရန်စမှုနှင့် စစ်ရှိန်လျှော့ချရေး အစီအစဉ်များကို ချိုးဖောက်မှုအဖြစ် သဘောထားနိုင်ကြောင်း၊ ဒီဇင်ဘာ ၂၇ ရက်က လက်မှတ်ရေးထိုးခဲ့သော အထွေထွေ နယ်စပ် ကော်မတီ – GBC ပူးတွဲ ကြေညာချက်နှင့်လည်း မကိုက်ညီကြောင်း ထိုင်းစစ်ဘက်က ပြောသည်။
ထို့နောက် လုံခြုံရေး၊ ဘေးကင်းရေး ၊ပြည်သူလူထု တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းမှုရှိရေး သေချာစေရန် နှင့် ၎င်းတို့ ဖော်ပြသော ခက်ခဲသော အခြေအနေအောက်တွင် ကမ္ဘောဒီးယားစစ်ဘက်၏ ယုံကြည်မှု တိုးတက်ခိုင်မာလာစေရန် ဒရုန်းအမျိုးမျိုး အသုံးပြုခြင်းကို ပိတ်ပင်လိုက်သည်ဟု ကမ္ဘောဒီးယား စစ်ဘက်က ယနေ့ ဒီဇင်ဘာ ၃၀ တွင် တရားဝင် ထုတ်ပြန်လိုက်သည်။
မြို့တော်ဖနွမ်းပင်နှင့် ထိစပ်သည့် ၇ ပြည်နယ် အပါအဝင် ပြည်နယ်အားလုံးတွင် ဒရုန်းမျိုးစုံ အသုံးပြုမှုကို ပိတ်ပင်လိုက်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ဒရုန်းပျံသန်းခြင်းဖြင့် ပိတ်ပင်မှုကို ချိုးဖောက်သူ မှန်သမျှ တည်ဆဲဥပဒေများဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် တီဆေးဟာက လက်မှတ်ရေးထိုး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အေးကျော်
The Nation
#MeKongNews
#ဒရုန်း
#နယ်ကျော်
#ထိုင်းစစ်တပ်
#ကမ္ဘောဒီးယား








