မဲခေါင်၊ ဒီဇင်ဘာ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ (၃) ရပ်ကွက်တွင် ဆိုင်ကယ် သူခိုးတစ်ဦးအား ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဒီဇင်ဘာ ၂၅ ရက်တွင် ၎င်းက ရပ်ကွက်နေသူတစ်ဦး၏ ဆိုင်ကယ်ကို ခိုးယူပြီး မောင်းနှင်ထွက်ပြေးစဉ် ရပ်ကွက်နေသူများက ဝိုင်းဝန်း ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“မနက်ကတည်းက ဆိုင်ကယ်မှာ ရစ်သီရစ်သီလုပ်ပြီး ကြည့်နေတာ။ ပြီးတော့ ဆိုင်ကယ် ဇက်သော့ချိုးပြီး မောင်းပြေးတဲ့အချိန် ပိုင်ရှင်ကအော်လို့ ရပ်ကွက်ကလူတွေ ဝိုင်းဖမ်းလိုက်တာဗျ”ဟု နမ့်စန်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖမ်းမိသည့် ဆိုင်ကယ်သူခိုးကို ရဲလက် အပ်လိုက်ပြီဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
“ဆိုင်ကယ်သူခိုးကို ဖမ်းမိတော့ သူခိုးက ရဲလက်မအပ်ပါနဲ့၊ မကြိုက်ရင် နောက်မလာပါဘူးတဲ့ အဲလို ပြောသေးတယ်ဗျ။ သူခိုးကို ဖမ်းမိပေမယ့် ရိုက်လည်းမရိုက်ဘူး ကြိုးနဲ့လည်း မချည်ဘူး။ ဖမ်းပြီး ရဲကို ခေါ်အပ်လိုက်တယ်။ နမ့်စန်မှာ ဆိုင်ကယ်က ခဏခဏ ပျောက်နေတယ်၊ ကျနော့ဆိုင်ကယ်လည်း ပျောက်တာ ၂ လပဲ ရှိသေးတယ်ဗျ။ ကျွန်တော်တို့ ရပ်ကွက်မှာကိုပဲ ပျောက်တာ အစီး ၂၀ ကျော်ပြီ”ဟု နမ့်စန်မြို့ခံတစ်ဦးက ပြောသည်။
စစ်အာဏာ သိမ်းပြီးနောက် ရှမ်းပြည်တွင် ခိုးဆိုး လုယက်မှုများ ယခင်ထက် ပိုများပြားလာကာ အချို့သူခိုးများက အဖွဲ့လိုက်လှုပ်ရှားပြီး ဆိုင်ကယ်များသာမက ကားများကိုပါ ခိုးယူနေကြသည်။
#MeKongNews
#နမ့်စန်
#ဆိုင်ကယ်သူခိုး
#ပြည်သူများ
#ဝိုင်းဖမ်း








