မဲခေါင်၊ ဒီဇင်ဘာ ၂၆
နယ်စပ်ပစ်ခတ် တိုက်ခိုက်မှုများ အဆုံးသတ်ရန် ညှိနှိုင်းကြရေးကို ရည်ရွယ်၍ ကျင်းပနေသော ၃ ရက်မြောက် အစည်းအဝေးကို နှစ်နိုင်ငံအရာရှိများ တက်ရောက်နေကြချိန်မှာပင် နယ်စပ်ဒေသများတွင် ထိုင်းဘက်က တိုက်ခိုက်မှုများ တိုးမြှင့်နေသည်ဟု ကမ္ဘောဒီးယားက စွပ်စွဲ ပြောကြားသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းအရာရှိများသည် နှစ်နိုင်ငံကြား ထူထောင်ထားသော စေ့စပ်ညှိနှိုင်းရေးယန္တရား ဖြစ်သည့် အထွေထွေနယ်စပ်ကော်မတီ – GBC ၏ ၃ ရက်မြောက် အစည်းအဝေးကို တက်ရောက်နေကြပြီး မနက်ဖြန်တွင် ကာကွယ်ရေးဝန်ကြီးများတွေ့ဆုံရန် စီစဉ်ထားသည်။
သို့သော် ယနေ့ နံနက်ပိုင်းတွင် ထိုင်းစစ်ဘက်က ဘန်တေးမိန်ချေးပြည်နယ် နယ်စပ်ဧရိယာတွင် ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကမ္ဘောဒီးယားစစ်ဘက်က ပြောကြားသည်။
“ဒီနေ့မနက် ၆ နာရီ ၈ မိနစ်ကနေ ၇ နာရီ ၁၅ မိနစ်အထိ ချော့ချေးကျေးရွာ တစ်ဝိုက်မှာ တိုက်ခိုက်မှုတွေ တိုးမြှင့်ဖို့ ထိုင်းစစ်ဘက်က F-16 တိုက်လေယာဉ်တွေနဲ့ ဗုံးအလုံး ၄၀ အထိ ကြဲချခဲ့ပါတယ်” ဟု ကမ္ဘောဒီးယားစစ်ဘက်က ထုတ်ပြန်သည်။
ထို့အတူ ဆာကောပြည်နယ် နယ်စပ်၌ ညဘက်တွင် ကမ္ဘောဒီးယားစစ်တပ်က ပြင်းထန်သော တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကာ အရပ်အသားနေအိမ် အများအပြား ပျက်စီးခဲ့သည်ဟု ထိုင်းမီဒီယာများက ဖော်ပြသည်။
ထိုအတောအတွင်းမှာပင် ကမ္ဘောဒီးယားနှင့် နယ်စပ်တစ်လျောက်မှ ဟိန္ဒူရုပ်တုတစ်ခုအား ၎င်းတို့စစ်ဘက်က ဖြို ချခဲ့ခြင်းအား ထိုင်းနိုင်ငံက ယမန်နေ့တွင် ကာကွယ်ပြောဆိုခဲ့ပြီး အငြင်းပွားနေသော နယ်စပ်ဧရိယာတွင် ထိန်းချုပ်မှု ပြန်ယူရန် ဖယ်ရှားရခြင်း ဖြစ်ကြောင်း ပြောသည်။
ဟိန္ဒနတ်ဘုရား ဗစ်ရှနူးရုပ်တုအား ၂၀၁၄ ခုနှစ် က တည်ဆောက်ခဲ့ပြီး တနင်္လာနေ့တွင် ထိုင်းဘက်က ဖြိုချခဲ့သည်ဟု ပရီယာဝိဟာရ ပြည်နယ် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ထိုကဲ့သို့ မလေးစားသော လုပ်ရပ်များသည် ကမ္ဘာတစ်ဝန်းမှ ဟိန္ဒူဘာသာဝင်များ၏ ခံစားချက်ကို ထိခိုက်စေပြီး မဖြစ်သင့်ကြောင်း ဟိန္ဒူလူများစု အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
သို့သော် ရုပ်တုအား ဖယ်ရှားခြင်းမှာ လုံခြုံရေး နှင့် ဧရိယာစီမံခန့်ခွဲမှု ပေါ်မူတည်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး မည့်သည့် ဘာသာတရား သို့မဟုတ် ကိုးကွယ် ယုံကြည်မှုကိုမျှ မလေးမစားလုပ်ရန် ရည်ရွယ်ခြင်းမရှိကြောင်း ထိုင်းအစိုးရက ကြာသပတေးနေ့တွင် တုံ့ပြန် ပြောကြားသည်။
အေးကျော်
Ref: AFP
#MeKongNews
#နယ်စပ်
#ထိုင်း
#ကမ္ဘောဒီးယား
#စွပ်စွဲ








