မဲခေါင်၊ ဒီဇင်ဘာ ၁၇
– ထိုင်းစစ်သည် ၅၀၀၀ ခန့် သေဆုံးခဲ့သည်ဟု ကမ္ဘောဒီးယား သတင်းမီဒီယာများက ဖော်ပြခဲ့သော်လည်း ကမ္ဘောဒီးယားစစ်ဘက်မှ အသေအပျောက် စာရင်းကိုမူ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိပေ။ ထိုင်းစစ်ဘက်၏ ခန့်မှန်းချက်အရ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၅၀၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။
– ထိုင်းပိုင်နက် ထရတ်ခရိုင်အတွင်းရှိ ထိုင်း – ကမ္ဘောဒီးယား နယ်စပ်ဒေသကို ထိုင်းတပ်ဖွဲ့များက အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ ဆမ်ဟန်း ကျေးရွာကို ပြန်လည် သိမ်းပိုက်နိုင်ရန် ၈ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရပြီးနောက် ကမ္ဘောဒီးယား တပ်ဖွဲ့များကို ရှင်းလင်း နှိမ်နင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထရတ်ရေတပ် အထူးတပ်ဖွဲ့ မှူး ဗိုလ်မှူးကြီး သမ်မာနွန်ဝမ်နာ၏ ပြောကြားချက်အရ သိရသည်။
– ယနေ့တွင် ထိုင်းစစ်သည် ၂ ဦး ထပ်မံ ကျဆုံးကြောင်း ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူးလ်က အတည်ပြုခဲ့ပြီး ရုပ်အလောင်းများ ပြန်လည် ရရှိရေးအတွက် ဆောင်ရွက်နေကြောင်း ပြောကြားကာ ဒီဇင်ဘာ ၈ ရက်မှ ယနေ့အထိ ထိုင်းဘက်မှ ကျဆုံးသူ စုစုပေါင်း ၂၁ ဦး ရှိလာပြီ ဖြစ်သည်။
– ထိုင်း – ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အဆင့်မြင့်ကွန်ကရစ် – UHPC ဘန်ကာများကို ထိုင်းဘုရင့်တပ်မတော်က တည်ဆောက်နေပြီး စစ်ဘက် ဖွံ့ဖြိုးရေးဌာနချုပ်သည် ဟာထိုင်းတစ်(ပ်) ရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်း၍ အဓိက နယ်စပ်ဇုန်များတွင် ဘန်ကာပေါင်း ၁၁၀ ခုဆောက်လုပ်နေသည်။
– မကြာသေးမီက တင်ပြလာသော အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်များနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ သို့သော် မိမိတို့ ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို အာမခံချက်ရှိရမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ ရပ်တည်ချက်အပေါ် ထိုင်း – ကမ္ဘောဒီးယား နယ်စပ် ပူးတွဲသတင်းပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး လေတပ်ဗိုလ်ချုပ်ကြီး ပရာပတ်ဆွန်ချိုင်ဒီက အလေးအနက် ပြောကြားသည်။
– ထိုင်းစစ်တပ်က ကမ္ဘောဒီးယား ပိုင်နက်အပေါ် ကျူးကျော် တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေရာ ယနေ့ ဒီဇင်ဘာ ၁၇ ရက်တွင် တိုက်ပွဲများ ၁၁ ရက်မြောက် ရှိလာပြီး စစ်ဘေးရှောင်ဦးရေ ၄၄၇၅၀၉ ဦးအထိ တိုးမြင့်လာကြောင်း ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး နက်သ်ဖိတ်ထရာက ဆိုသည်။
#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#စစ်ပွဲ
#နောက်ဆုံးရ








