မဲခေါင်၊ ဒီဇင်ဘာ ၁၇
ကျေးဇူးတော်နေ့က ပါလက်စတိုင်းမှ ခိုးဝင်လာသူ လာကန်ဝဲလ်ဆိုသူသည် အမေရိကန် အမျိုးစောင့်တပ်ဖွဲဝင် ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရ အခြေအနေ ဖြစ်ခဲ့ခြင်းကြောင့် အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်သော နိုင်ငံများစွာကို ထုတ်ပြန်ခဲ့ရာ ယခု ဒီဇင်ဘာ ၁၆ ရက်တွင် ခရီးသွားလာခွင့် ပိတ်ပင်သော နောက်ထပ် နိုင်ငံ ၂၀ ကို ဒေါ်နယ်ထရမ့်က ထပ်မံ ထုတ်ပြန်လိုက်သည်။
ယင်းပစ်ခတ်မှုပြီးနောက် ဒေါ်နယ်ထရမ့်သည် အမေရိကန် ပြည်ထဲရေးဝန်ကြီး ခရစ္စတီနိုအမ်နှင့် တွေ့ဆုံခဲ့ပြီးနောက် ပြည်ပနိုင်ငံများမှ ခိုလှုံ ဝင်ရောက်လာသူများထဲ လူသတ်သမားများ၊ မျှော့သဖွယ် တွယ်ကပ်နေသူများ၊ လွတ် လပ်ရေးအတွက် အသက်စွန့်ကာ တိုက်ပွဲဝင်ခဲ့သော အမေရိကန် ဘိုးဘွားများ မျက်နှာမှအားမနာ သွေးစုပ်သူများ၊ နိုင်ငံအခွန်ငွေများကို စားသုံးသူများ အဖြစ် ရှုမြင်ပြီး အမေရိကန်၏ အကျိုးကို ထူးခြားစွာ မပြုနိုင်သူများကို ခိုလှုံခွင့် မပြုတော့ဟု ခရစ္စတီက ထုတ်ပြန် ကြေညာသွားခဲ့သည်။
ဇွန်လကတည်းက ဒေါ်နယ်ထရမ့်သည် အန္တရာယ်ရှိသည့် နိုင်ငံ ၁၂ နိုင်ငံမှ လူများကို အမေရိကန်သို့ ခရီးသွားလာခွင့် ပိတ်ပင်ခဲ့ရာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပြီး နောက်တိုး ၇ နိုင်ငံကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ခဲ့သည်။
ကနဦး ခရီးသွားခွင့် အလုံးစုံ ပိတ်ပင်သော နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချက်ဒ်၊ ကွန်ဂို၊ အီကွေ တိုရီရယ်ဂီနီ၊ အီရီထရီယာ၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်တို့ ဖြစ်သည်။
ထပ်တိုး အရေးယူလိုက်သည့် နိုင်ငံများမှာ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီ ဇွဲလားတို့ ဖြစ်သည်။
နောက်ဆုံး အသစ်အဖြစ် ခရီးသွားလာခွင့် အလုံးစုံ ပိတ်ပင်လိုက်သည့် နိုင်ငံများမှာ ဘူကီနာဖာဆို၊ မာလီ၊ နိုင်ဂျာ၊ တောင်ဆူဒန်နှင့် ဆီးရီးယားတို့ ဖြစ်သည်။
ယခု အပြည့်အ၀ မဟုတ်သော်လည်း ယေဘုယျအဆင့် သတ်မှတ်ချက်ဖြင့် ပိတ်ပင်လိုက်သည့် ထပ်တိုးနိုင်ငံများမှာ အန်ဂိုလာ၊ အန်တီဂွါနှင့် ဘာဘူဒါ၊ ဘီနင်၊ အိုင်ဗရီကို့စ်၊ ဒိုမီနစ်ကာ၊ ဂါဘွန်၊ ဂမ်ဘီယာ၊ မာလဝီ၊ မော်ရစ်တေးနီးယား၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ တန်ဇန်းနီးယား၊ တွန်ဂါ၊ ဇမ်ဘီယာနှင့် ဇင်ဘာဘွေနိုင်ငံများ ဖြစ်သည်။
လာအိုနှင့် ဆီရာလီယွန်နိုင်ငံများမှ ခရီးသွားလာ ဝင်ရောက်မည့် သူများကို ပိုမိုပြင်းထန် တင်းကျပ်လိုက်သလို တစ်ဖက်တွင် တာ့ခ်မင်နစ္စတန်ကိုမူ ပိတ်ပင်ထားမှုများထဲမှ တချို့ကို ဖြေလျော့ပေးခဲ့သည်။
ထို့ပြင် ဒေါ်နယ်ထရမ့်အမိန့်အရ အမေရိကန်သို့ ဝင်ခွင့်မပြုတော့သည့် နိုင်ငံများစွာ သတ်မှတ်ခဲ့သည့် အပြင် သမ္မတဂျိုးဘိုင်ဒန် လက်ထက်က အမေရိကန်၌ ခိုလှုံခွင့်ပြုခဲ့သူများ အားလုံးကိုလည်း တစ်ယောက်ချင်းစီ ပြန်လည် စိစစ်ကာ လက်ခံသင့်၊ မခံသင့် ထပ်မံ ဆုံးဖြတ်သွားရန် ရှိသည်ဟုလည်း သိရသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အမေရိကန်
#ဝင်ရောက်ခွင့်
#ဒေါ်နယ်ထရမ့်
#ပိတ်ပင်








