မဲခေါင်၊ ဒီဇင်ဘာ ၁၂
ဒီဇင်ဘာ ၈ ရက်က ပြင်းအား ၇ ဒသမ ၅ ရှိငလျင်လှုပ်ခတ်ပြီးနောက် ၁၀ ပေမြင့်သော ဆူနာမီလှိုင်းများ ရိုက်ခတ်မှုတွင် ၃၄ ဦး ဒဏ်ရာရခဲ့ကာ ဒီဇင်ဘာ ၁၀ ရက်၌ နောက်ထပ် ပြင်းအား ၅ ဒသမ ၇ ရှိ ငလျင် ထပ်လှုပ်ခတ်ပြီးနောက် ဂျပန်ရာသီဥတုအေဂျင်စီသည် ကြိုတင်မှန်းဆထားသော ကြောက်စရာ အကောင်းဆုံး ဧရာမငလျင်ကြီး (megaquake) မကြာမီ လှုပ်ခတ်နိုင်သည်ဟု တပ်လှန့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ဂျပန်နိုင်ငံသည် ပစိဖိတ်ကမ်းရိုးတန်းငလျင်ကြောကြီးပေါ်တွင် တည်ရှိနေကာ ယခုတစ်ပတ်အတွင်း ငလျင်ကြီး ၂ ခု လှုပ်ခတ်မှု၌ သေဆုံးမှုမရှိသော်လည်း ဒုတိယငလျင်သည် ပြင်းအားနည်းသည့်ကြားမှ အနက်တိမ်သော မြေအောက် ၁၉ မိုင်တွင် ဗဟိုချက်အဖြစ် လှုပ်ခတ်သဖြင့် ပိုမို ပြင်းထန်ခဲ့သည်။
မတ်ဆု၊ အာအိုမိုရီ၊ ဂျပန်တို့နှင့် ၇၅ မိုင်အဝေးတွင်း ငလျင်ဗဟိုချက်ရှိခဲ့ခြင်းကြောင့် သက်သာရရခဲ့ သော်လည်း ယခုလိုငလျင်ကြီးများဆက်လာခြင်းကြောင့် မျှော်လင့်တွက်ဆထားသည့် ဆူနာမီလှိုင်း အမြင့် ၉၈ ပေရှိကာ လူပေါင်း ၂ သိန်းနီးပါးသေဆုံးစေနိုင်သော ဧရာမငလျင်ကြီး မကြာမီ လာနိုင်မည် ဟု ဂျပန်ရာသီဥတုအေဂျင်စီက မထုတ်စဖူး သတိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မျှော်မှန်းတွက်ဆထားသည့် ယင်းဧရာမငလျင်ကြီးသည် ဂျပန်ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုလှုပ်ခတ်မည်ဟု မှန်းဆထားကာ ၉၈ ပေမြင့်သော ဆူနာမီလှိုင်းကြီးများသည် ဟော့ကိုင်းဒိုးမှ ဆန်ရီကူ ဒေသတို့အထိ မိုင် ၈၀၀ အကွာအဝေးကို ဆူနာမီသက်ရောက်စေကာ လူပေါင်း ၁၉၉၀၀၀ သေဆုံးနိုင်ကြောင်း၊ နေအိမ်ပေါင်း ၂၂၀၀၀၀ ပျက်စီးနိုင်ကြောင်း၊ ဆုံးရှုံးမှုတန်ကြေး ပေါင် ၁၅၀ ဘီလီယံ ရှိနိုင် ကြောင်း ခန့်မှန်းထားသည်။
ထို့ကြောင့် ယင်းဂျပန်ကမ်းရိုးတန်းအနီးနေထိုင်သူများအနေဖြင့် လွတ်မြောက်ရေ အစီအမံ များကြိုတင်ပြင်ဆင်ထားရန်၊ ဖြစ်နိုင်လျှင် ရွှေ့ပြောင်းနေထိုင်ကြရန်၊ နောက်ထပ် နောက်ဆက်တွဲ ငလျင်ငယ်များဆက်တိုက်လှုပ်လာလျှင် ဘေးကင်းစေရေး အမြန်ဆုံး ကမ်းရိုးတန်းဒေသမှ ရှောင်တိမ်း နေထိုင်ကြရမည်ဟု ဂျပန်ဝန်ကြီးချုပ် တာကာအိချိကိုယ်တိုင်က ပြည်သူအားလုံးကို တပ်လှန့်သတိပေး ခဲ့သည်။
ဧရာမငလျင်ကြီးဖြစ်လာနိုင်မှုကို ၂၀၁၁ ခုနှစ်က လူပေါင်း ၂၀၀၀၀ သေဆုံးပြီး နျူကလီးယား ဓာတ်အားပေးစက်ရုံကြီးပါ ပျက်စီးစေခဲ့သလို ဆူနာမီလှိုင်းကြီးများပါ တိုက်ခဲ့သည့် ငလျင်ကြီးပြီး ကတည်းက မှန်းဆထားခြင်းဖြစ်သော်လည်း ပြည်သူများအထိတ်တလန့်ဖြစ်စေရန် သတိပေးကြေညာ ချက်မထုတ်ပြန်ဘဲ ယခုမှသာ ပထမဆုံးအကြိမ် ဧရာမငလျင်ကြီးအတွက် ဂျပန်အစိုးရက တပ်လှန့် သတိပေးလိုက်ခြင်းဖြစ်သည်။
၂၀၁၁ ဆူနာမီဖြစ်စေသည့် ငလျင်တွင် ဆူနာမီလှိုင်းသည် အချို့ဒေသများ၌ အမြင့်ဆုံးအဖြစ် ပေ ၅၀ အထိသာ ရှိခဲ့ပြီး ယခုမှန်းထားသည့် ဆူနာမီလှိုင်းသည် ၉၈ ပေအထိ မြင့်နိုင်မည်ဆိုခြင်းကြောင့် ကပ်ဆိုးကြီးအဖြစ် ဂျပန်နိုင်ငံကို ခြောက်လှန့်နေပြီဖြစ်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဂျပန်
#ငလျင်
#ဆူနာမီ
#ကမ်းရိုးတန်း








