ယာဉ်ထိန်းရဲအုပ် အောင်ကျော်ဝေနှင့် ဒုတပ်ကြပ် အောင်ဌေးကျော်တို့လည်း KTV နှင့် Hi ခန်းများတွင် ပျော်ပါးနေပြီး ငွေတောင်းကြမ်းနေ
မဲခေါင်၊ နိုဝင်ဘာ ၂၄
လားရှိုးယာဉ်ထိန်းရဲမှူး မျိုးထိုက် ဆေးကြောင်ပြီး သေနတ်ပစ်ဖောက်မှုဖြင့် စုံခုံဖွဲ့ အစစ်ခံရပြီးနောက် လားရှိုးမြို့ရှိ ယာဉ်ထိန်းရဲ ၅၃ ဦးစလုံးကို စစ်ဆေးနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ယာဥ်ထိန်းရဲမှူးမျိုးထိုက်သည် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က လားရှိုးရှိ Ktv တစ်ခု၌ k ခေါ် မူးယစ်ဆေးတစ်မျိုးသုံးပြီး အရက်သောက်ကာ လားရှိုးရဲစခန်းဝန်းအတွင်းရှိ လိုင်းခန်း၌ တရားမဝင် ကိုင်ဆောင်နေသည့် ပစ္စတိုဖြင့် သေနတ် ၆ ချက် ပစ်ဖောက်ခဲ့ကြောင်း၊ ယင်းကိစ္စကြောင့် လားရှိုး ပြည်နယ်ရဲမှူးကိုယ်တိုင် မျိုးထိုက်ကို အချုပ်ထဲ ထည့်ခဲ့သော်လည်း ညတွင်းချင်း အချုပ်ထဲမှ ပြန်လွတ်လာခဲ့သည် ကိစ္စ၊ လာဘ်စားမှု ကိစ္စများဖြင့် စုံခုံဖွဲ့စစ်ခံရသော်လည်း လက်ရှိတွင် လားရှိုးမြို့၌သာ ရှိနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“လားရှိုးက ယာဥ်ထိန်းတွေအားလုံး အစစ်ခံရတယ်။ မျိုးထိုက်က ချော့လိုက်၊ ခြောက်လိုက်လုပ်ထားတော့ ဘယ်သူကမှ အမှန်ကို မပြောရဲကြဘူး။ သေနတ်ပစ်တဲ့ကိစ္စ၊ မျိုးထိုက် အချုပ်ထဲဝင်ရတဲ့ကိစ္စ၊ လာဘ်စားတဲ့ကိစ္စတွေက ရဲစခန်းထဲ နေတဲ့သူတိုင်း အနည်းနဲ့ အများ သိတယ်။ သူပစ်တဲ့ ကျည်ဆံက စခန်းမှူး အိမ်ရှေ့က မျက်နှာကျက်ကို မှန်ထားတဲ့ အရာတောင်ရှိတယ်။ ဒါပေမဲ့ အမှန်ကို ဘယ်သူမှ မပြောရဲတော့ ဒီအတိုင်း စစ်လဲ မပေါ်ဘူးပေါ့။ မျိုးထိုက်က ရှင်းရှင်းပြောရရင် ရဲကျားဖျန့်ပဲ” ဟု ၎င်းက ပြောသည်။
လားရှိုးယာဉ်ထိန်းရဲများအားလုံးကို စစ်ဆေးနေသည့် ကိစ္စမှာ မှန်ကန်ကြောင်း၊ လားရှိုး ယာဉ်ထိန်းရဲများထဲတွင် ဒုတပ်ကြပ် အောင်ဌေးကျော်နှင့် ၎င်း၏ ဆရာဖြစ်သူ ရဲအုပ် အောင်ကျော်ဝေတို့မှာ ဖမ်းဆီးထားသည့် ၁၂ဘီးကားများမှ ကားဘီးအကောင်းများကို ဖြုတ်ကာ ရောင်းစားပြီး အစုတ်များ အစားထိုးထားခြင်း၊ ငွေလိုပါက တာဝန်ချိန်မဟုတ်ဘဲ မြို့ပတ်လမ်းသို့သွားပြီး ကားသမားများထံမှ ငွေညှစ်တောင်းခံကြောင်း လားရှိုးမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဒုတပ်ကြပ် အောင်ဌေးကျော်နှင့် ၎င်း၏ ဆရာဖြစ်သူ ရဲအုပ် အောင်ကျော်ဝေတို့မှာ KTV နှင့် ဟိုင်းခန်းများတွင် မူးယစ်ဆေးဝါး သုံးစွဲကာ ပျော်ပါခြင်း၊ စလော့ဂိမ်းဆော့ခြင်းများကြောင့် ငွေလိုခြင်းဖြစ်ကြောင်း ယင်းသတင်းရင်းမြစ်က ပြောသည်။
“လားရှိုးယာဥ်ထိန်းတွေ အတော်အကျင့်ပျက်ခြစားပြီး မူးယစ်ဆေးနဲ့ မိန်းမကိစ္စတွေပါ ပါတယ်” ဟု ၎င်းက ပြောသည်။
ရဲအုပ် အောင်ကျော်ဝေ၏ စကားဝှက်မှာ အင်းဝ ဖြစ်ပြီး ဒုတပ်ကြပ် အောင်ဌေးကျော်၏ စကားဝှက်မှာ အင်ကြင်းဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့သည် စစ်ကောင်စီထိန်းချုပ်နေသော်လည်း နေ့စဥ်လို မူးယစ်မှု၊ ခိုး၊ ဆိုး၊ လု၊ နှိုက်မှု များဖြင့်ရာဇဝတ်မှုများ ထူပြောနေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ ညပိုင်းကပင် လူ၃ဦးသေဆုံးသည်အထိ ဆေးကြောင်နေသူတစ်ဦး၏ ယာဥ်တိုက်မှုဖြစ်ပွားခဲ့သေးသည်။
ယာဥ်ထိန်းရဲမှူးမျိုးထိုက်သည် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က လားရှိုးရှိ Ktv တစ်ခု၌ k ခေါ် မူးယစ်ဆေးတစ်မျိုးသုံးပြီး အရက်သောက်ကာ လားရှိုးရဲစခန်းဝန်းအတွင်းရှိ လိုင်းခန်း၌ တရားမဝင် ကိုင်ဆောင်နေသည့် ပစ္စတိုဖြင့် သေနတ် ၆ ချက် ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။
လိုင်စင်မဲ့ Without ကားများ ရောင်းဝယ်သည့် ကားပွဲစားတန်းဆီမှလည်း လစဥ်ကြေးကောက်ခံ နေသူဖြစ်ပြီး ထိုသို့လာဘ်ယူထားသည့် ငွေများဖြင့် ပြင်ဦးလွင်မြို့အထွက် ပြင်ဦးလွင်-မိုးကုတ် ကားလမ်းဘေး၌ ၂ ထပ်တိုက်တစ်လုံး ဆောက်လုပ်ခဲ့ပြီးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။
#MeKongNews
#လားရှိုး
#ယာဉ်ထိန်းရဲ
#မူးယစ်ရမ်းကား
#မျိုးထိုက်
#အောင်ဌေးကျော်
#အောင်ကျော်ဝေ








